Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ဒေသခံတောင်သူလယ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ရှေးရှုလုပ်ဆောင်ရန် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှာကြား

ဒေသခံတောင်သူလယ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ရှေးရှုလုပ်ဆောင်ရန် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှာကြား

အောက်တိုဘာ ၂၉(ပဲခူး)
===============================

အောက်တိုဘာလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Rainbow Jam Trading Co., Ltd မှ ဒေါ်မြတ်သန္တာဦးက မိမိတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင် Mr. Kazutake Tanaka တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီဖြစ်ကြောင်း၊ လက်ရှိအနေဖြင့် နေပြည်တော်၊ တိုက်ကြီး(ဥတို) နှင့် ရှမ်းပြည်နယ်တို့တွင် ဂျပန်စပါးမျိုးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း Pilot Project အနေဖြင့် ဧက(၁၀၀) စတင်စိုက်ပျိုးလိုပါ ကြောင်း၊ စပါးကြိတ်ရာမှ ထွက်ရှိလာသည့် စပါးခွံအား ဂျပန်နည်းပညာဖြင့် သဘာဝမြေသြဇာ ပြုလုပ်၍ အသုံးပြုသွားမည်ဖြစ်၍ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါကြောင်း၊ ထွက်ရှိလာမည့် ဆန်နှင့် ဟင်းသီးဟင်းရွက်များကို ဒေသတွင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရရှိလာမည့် အကျိုးအမြတ်များအား ဒေသခံကျေးရွာ တို့တွင် စာသင်ကျောင်း၊ ရေတွင်း စသည့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က အစိုးရခေတ်အဆက်ဆက် စိုက်ပျိုးလုပ်ကိုင်မှုမရှိဘဲ မြေယာများ ဧကပေါင်းများစွာ ယူထားသည့်ကုမ္ပဏီ/လူပုဂ္ဂိုလ်များရှိကြောင်း၊ ယနေ့အချိန်တွင် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ မြေနေရာယူထားမှုများကို စိစစ်၍ ဒေသခံပြည်သူများအား ပြန်လည်လွှဲပြောင်းရန် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် ကုမ္ပဏီများအား တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ပိုင်ခွင့်ပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ကုမ္ပဏီတစ်ခုတည်း ကြီးပွားတိုးတက်ခြင်းထက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုး လုပ်ကိုင်ခြင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်နိုင်ရေးကို ရှေးရှုလုပ်ကိုင်စေလိုကြောင်း၊ ဒါမှသာ ဒေသခံတောင်သူလယ်သမားများလည်း နည်းပညာနှင့် စိုက်ပျိုးသီးနှံများအတွက်  ခိုင်မာသည့် စျေးကွက်တစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် အမှန်တကယ် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက မိမိတို့ အစိုးရအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Rainbow Jam Trading Co., Ltd မှ ဒေါ်မြတ်သန္တာဦးနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ စိုက်ပျိုးရေးပညာရှင် Mr. Kazutake Tanaka တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။