Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲပြုလုပ်

ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၂၄

==================

ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်က ပန်းတောင်းမြို့နယ်၊ ဥရှစ်ပင်မြို့၊ နာဂမုနိဓမ္မာရုံ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက “လူထုတွေ့ဆုံပွဲများ ပြုလုပ်၍ ဒေသခံပြည်သူများ၏ လူမှုအခက်အခဲများ၊ စီးပွားရေးဆိုင်ရာ အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များသိရှိပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန်မှာကြားချက်အရ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများအကြား အထင်အမြင်လွဲမှားနေမှုများ၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံကြည်မှုများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရန်နှင့် ပြည်သူများအကြား အမြစ်တွယ်နေသည့် အကြောက်တရား ကင်းရှင်းပြီး အစိုးရ၏ မူဝါဒများ၊ ပေါ်လစီများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လည်းဖြစ်ကြောင်း၊ လွှတ်တော်ပိုင်းကလည်း ဒီမိုကရေစီ စံနှုန်းများနှင့်အညီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးကာလတွင် ကြုံတွေ့ရသည့် နိုင်ငံရေးအခက် အခဲ၊ စီးပွားရေးအခက်အခဲများကို ပြည်သူများက နားလည်ပြီး  ခေတ်သစ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး မိမိတို့အစိုးရနှင့် အတူလက်တွဲကာ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမင်းသိန်းက  ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအကြောင်းကိုလည်းကောင်း၊ သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးလင်းသူကိုက သစ်တောဥပဒေနှင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခြင်းအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်စိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လိုက်နာရမည့် ဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဥရှစ်ပင်မြို့ စည်ပင်သာယာရေးစျေးနှင့် ရပ်ကွက်မီးဘေးလုံခြုံရေးအတွက် စျေးဝန်းအနောက်ဘက် တိုးချဲ့ကွက်သစ်မြေ ပေ(၂၀၀)အား အများပိုင်မြေအဖြစ် ပြန်လည်ထားရှိပေးရန်၊ ဥရှစ်ပင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပေးရန်၊ ဥရှစ်ပင်မြို့ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးရန်၊ ဥပဒေမဲ့ သိမ်းဆည်းခဲ့သော လယ်ယာမြေနှင့် နှစ်ရည်ပင်စိုက်ပျိုးထားသော မြေဧရိယာ(၃.၀၃)ဧကအား မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးရန်၊ ဥရှစ်ပင်မြို့အဝင်မှ လမ်းဆုံအထိ ကတ္တရာလမ်း တိုးချဲ့ခင်းပေးရန်နှင့် Box Culvert တည်ဆောက်ပေးရန်၊ ထုံးဘိုကျေးရွာအုပ်စု၊ စာစီကုန်းကျေးရွာထိပ်မှ ထုံဘိုကျေးရွာ ပန်းခြံလမ်း(ဘောလုံးကွင်း)အထိ အရှည်ပေ(၃၀၀၀)ရှိသော ဆည်မြောင်းတာဘောင်ဘေးလမ်းအတိုင်း မြို့ရှောင်လမ်းခင်းပေးရန်၊ ပြင်ကြီးကျေးရွာ အလယ်တန်းကျောင်းခွဲရှိ အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေးရန်တို့အား တင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။