Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP မှ လာရောက်ရှင်းလင်းတင်ပြ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP မှ လာရောက်ရှင်းလင်းတင်ပြ

ဇန်နဝါရီ ၁၄ (ပဲခူး)
=======================

ဇန်နဝါရီလ (၁၄)ရက်နေ့၊ မွန်းလွဲ(၁:၁၅)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် UNDP မှ Resident Representative , Mr. Gordon Johnson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ  Mr. Gordon Johnson က ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အထိုက်အလျောက် အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါကြောင်း၊ ယခုအခါ UNDP မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံသည် စာချုပ်သက်တမ်းပြည့်၍ ဝန်ထမ်းအသစ်များ ထပ်မံခန့်အပ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်များတွင်လည်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အလှူရှင်နိုင်ငံများမှလည်း UNDP ၏ လုပ်ငန်းဆောင်ရွက်မှုများကို အချိန်တိုင်း စောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက UNDP မှ ဝန်ထမ်းပြောင်းလဲမှုအပေါ် သီးခြားမှတ်ချက်ပြုရန် မရှိပါကြောင်း၊ အဓိကအားဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း UNDP နှင့် ပူးပေါင်း၍ ရရှိလာမည့် ထောက်ပံ့ငွေများကို ဒေသအတွက် လိုအပ်မည့် စာသင်ကျောင်း၊ ဆေးခန်း၊ ကျေးလက် လမ်း/တံတားများ ဆောက်လုပ်မှုကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ UNDP မှလည်း ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဦးစားပေး ထောက်ပံ့ကူညီသွားမည်ကို သိရှိရ၍ ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ NDP မှ Resident Representative , Mr. Gordon Johnson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။