Home / ပန်းတောင်းမြို့နယ် / ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာနှင့် မြေဝါကုန်းကျေးရွာတို့၌ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်

ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာနှင့် မြေဝါကုန်းကျေးရွာတို့၌ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်

 နိုဝင်ဘာ ၂၄ (ပဲခူး)

===================================

     နိုဝင်ဘာလ (၂၄)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာနှင့် မြေဝါကုန်းကျေးရွာတို့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခု တည်ဆောက်ရာတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေသလို တစ်ဘက်မှာလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တည်ဆောက်နေရကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်အခွန်ငွေများဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ယခုခါ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာတွင် ရေနံစမ်းသပ်ရှာဖွေရန် အခြေအနေပေးသောကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြုလုပ်ရခြင်းဖြစ်ပြီး အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများ ပါဝင်ပျက်စီးသွားမည်ကို စိုးရိမ်စိတ်ပူမှုများ ရှိနေမည်ကိုလည်း နားလည်ပါကြောင်း၊ ဒါ့ကြောင့် ပြည်သူများ၏ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေမှုနှင့် လိုအပ်ချက်များ အပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် ရောက်ရှိလာရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

      ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက အလုပ်ချိန်တစ်ရက်(၈)နာရီ သတ်မှတ်ပေးရန်နှင့် (၈)နာရီကျော်ပါက အချိန်ပိုကြေး ခံစားခွင့်ရရှိစေရန်၊ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ထားရှိပေးရန်၊ လုပ်ခလစာများ တိုးမြှင့်ပေးရန်၊ လုပ်သားများ ခေါ်ယူအသုံးပြုမှုအပေါ် ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အသိပေးစေရန်နှင့် လုပ်သား ခေါင်းဆောင်များအား ကျေးရွာပြည်သူထုဘက်မှလည်း ရွေးချယ်ပေးရန်၊ ကုမ္ပဏီမှ ရေနံစမ်းသပ် တူးဖော်မည့် လုပ်ကွက်များအား အတိအကျ ပွင့်လင်းမြင်သာစွာ ချပြပေးရန် စသည်တို့အား တင်ပြတောင်းဆိုခဲ့ရာ၊ ဝန်ကြီးချုပ်က ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကျေးရွာသို့ ကွင်းဆင်းပြီး မိမိတို့၏လုပ်ငန်းစဉ်များအား ပြည်သူများသိရှိစေရန် အသိပညာပေးခြင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရန်၊ ပြည်သူများ၏ လိုလားချက်များအား အထူးအလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်များ အတွင်းရှိ ရွှေဘုံသာကျေးရွာအုပ်စု၊ နတ်မောက်ကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာအုပ်စု၊ ဥသျှစ်ပင်မြို့၊ ကျီးသဲကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာအုပ်စု၊ ညောင်ဇရပ်ကျေးရွာအုပ်စုတို့နှင့်  ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ရေနံရှာဖွေတိုင်းတာရေးလုပ်ငန်းများအား Bashneft Internation B.V  Co., Ltd မှ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါလူထုတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင်ဥပဒေအရာရှိနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။