Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပန်းတောင်းမြို့၊ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော် အထွဋ်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်းမြို့၊ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော် အထွဋ်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၈ (ပန်းတောင်း)
————————-

ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သြဝါဒစရိယဆရာတော်ကြီးများထံ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်မြေဘုံဈာန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သြဝါဒစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်များက ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ဖိုးဦးတောင်စေတီတော်မြတ်ကြီး သြဝါဒစရိယ၊ မြို့နယ်သံဃာ့နာယကဆရာတော် ဘဒ္ဒန္တမဏ္ဍလထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်မင်္ဂလာ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့် အလှူရှင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ် ပူဇော်ပြီး စေတီတော်အထွဋ်သို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရထားပျံပန်းရထားဖြင့် တင်လှူပူဇော်ကြကြောင်း သတင်းရရှိသည်။