Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

ဒီဇင်ဘာ ၁၁ (ပဲခူး)
===================

ဒီဇင်ဘာလ(၁၁)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းသွယ်ရှိ လူငယ်ဓမ္မရိပ်သာ(Youth Center)တွင် ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးမှ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မကြာမီ စာရင်းကောက်မည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များတွင် စာရင်းစစ်၊ စာရင်းကောက်များ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး သေချာဆောက်ရွက်နိုင်ရန်အတွက် ဆွေးနွေးပို့ချပေးမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဂရုစိုက်စိုက်နားလည် သဘောပေါက် မှတ်သားကြဖို့လိုကြောင်း အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းအား၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan MSDP)ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများရရှိနိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ သင်တန်းသား/သူ စာရင်းကောက်(၅၀)ဦး၊ စာရင်းစစ်(၁၅)ဦး စုစုပေါင်း(၆၅)ဦး တက်ရောက်ကြောင်း သိရသည်။
နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ မြန်မာနိုင်ရဲ့ လက်ရှိအနာဂတ်လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ အချိန်နှင့်တပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့မှ စတင်ပြီး ပဲခူးခရိုင်အတွင်း နမူနာစာရင်း ကောက်ကွက်(၁၀၂)ကွက်အား စာရင်းစစ်(၁၅)ဦး၊ စာရင်းကောက်(၅၀)ဦးတို့မှ စာရင်းကောက်တစ်ဦးလျှင် အိမ်ထောင်စု(၇၉)နှုန်းဖြင့် ကွင်းဆင်းကောက်ခံသွားမည်ဖြစ်ကြောင်း၊ နမူနာကောက်ကွက်များအနေဖြင့် ပဲခူးမြို့နယ်တွင် မြို့ပေါ်(၁၅)ခု၊ ကျေးလက်(၁၃)ခု ပေါင်း(၂၈)ခု၊ သနပ်ပင်မြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၈)ခု ပေါင်း(၉)ခု၊ ကဝမြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၁၁)ခု ပေါင်း(၁၂)ခု၊ ဝေါမြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၈)ခု ပေါင်း(၉)ခု၊ ညောင်လေးပင်မြို့နယ်တွင် မြို့ပေါ်(၄)ခု၊ ကျေးလက်(၉)ခု ပေါင်း(၁၃)ခု၊ ဒိုက်ဦးမြို့နယ်တွင် မြို့ပေါ်(၂)ခု၊ ကျေးလက်(၉)ခု ပေါင်း(၁၁)ခု၊ ရွှေကျင်မြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၅)ခု ပေါင်း(၆)ခု၊ ကျောက်တံခါးမြို့နယ်တွင် မြို့ပေါ်(၂)ခု၊ ကျေးလက်(၁၂)ခု ပေါင်း(၁၄)ခု၊ စုစုပေါင်း ပဲခူးခရိုင်အတွင်း နမူနာကောက်ကွက် မြို့ပေါ်(၂၇)ခု၊ ကျေးလက်(၇၅)ခုတို့အား (၁၄)ရက်အတွင်း ကောက်ခံသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေဦး၊ ပဲခူးခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။