Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ ၅ (ပဲခူး)
=====================

ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် အောက်တိုဘာလ(၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လက်အောက်ခံအများ၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်က ဖတ်ကြားသည်။
ထို့နောက် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဆရာများသို့” သီချင်းဖြင့် တေးသရုပ်ဖော် တင်ဆက်ဖျော်ဖြေကြပြီး ၂၀၁၉ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အလှူရှင်များအား ပဲခူးတိုင်းဒေသကြီး လွှတ်တေည်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောက်းသား/သူများက “အနန္တကျေးဇူးရှင်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားကြသည့် တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူး ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်နှင့် ဆရာ/မများက လက်ဆယ်ဖြာ ဦးထိပ်မှာမိုးပြီး ပဲခူးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးသိန်း ရေးသားသီကုံးသည့် ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ကန်တော့ခံပစ္စည်းများ ပေးအပ်ကြကြောင်းသိရသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ရည်ရွယ်ချက်(၃)ရပ်ချမှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခြင်းဖြစ်ပါတယ်၊ ရည်ရွယ်(၃)ရပ်ကတော့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် လေးစားတန်ဖိုးထားလာစေရန်၊ အာစရိယဆရာများနှင့် ဥပဇ္ဈာယ်ဆရာများသည် အရည်အသွေးပြည့်ဝသည့် မြတ်ဆရာများအဖြစ် ပိုမိုပေါ်ထွန်းလာစေရန်၊ ဆရာများနေ့အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာကျင်းပပြီး ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုရန်တို့ဖြစ်ပါတယ်၊ အာစရိယပူဇော်ပွဲသည် မြန်မာတို့ရဲ့ အလွန်ဂုဏ်ယူမြတ်နိုးဖွယ်ကောင်းသော အစဉ်အလာဟာ ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးကို တုန့်ပြန်ပေးဆပ်ခြင်းဘဲဖြစ်သည်။ ဤကောင်းမြတ်သည့်အစဉ်အလာကို ယခုကမ္ဘာ့ဆရာများနေ့မှာ ပြုလုပ်ခြင်းဖြစ်သည့်အတွက် ဒီကျေးဇူးကို အောက်မေ့နှလုံးသွင်းပြီး တတ်နိုင်သမျှ ဒါနစွမ်းအားနဲ့ ဆရာကြီး/ဆရာမကြီးများအား သက္ကစ္စဂါရဝပူဇော်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အသက်(၇၀)နှစ်အောက်ကန်တော့ခံ ဆရာကြီး/ဆရာမကြီး (၄၀)ဦးနှင့် အသက်(၇၀)နှစ်အထက် ကန်တော့ခံဆရာကြီး/ဆရာမကြီး (၉၆)ဦး စုစုပေါင်း(၁၃၆)ဦးတို့အား တပည့်ဆရာ/မများက စုပေါင်းကန်တော့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။