Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလှုပ်ရှားမှု (၂၀၁၉) အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလှုပ်ရှားမှု (၂၀၁၉) အခမ်းအနားကျင်းပ

ဒီဇင်ဘာ ၂၄ (ပဲခူး)
===================

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလှုပ်ရှားမှု(၂၀၁၉) အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ပတ်ဝန်းကျင်သန့်ရှင်းရေးသည် ကျွန်မတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ညွှန်းပြသောအရေးကြီးသည့် အညွှန်းကိန်းတစ်ခုဖြစ်ကြောင်း၊ ပတ်ဝန်းကျင်တစ်ခုတည်း သန့်ရှင်းနေရုံမဟုတ်ဘဲ ရေကောင်းရေသန့်ရရှိရေးနှင့် ၎င်းတို့၏ အကျိုးရလဒ်ဖြစ်သော လူငယ်တို့၏ ကျန်းမာခြင်းလည်းပါဝင်ကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးသည် ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတစ်ခုဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးဖြစ်ထွန်းစေသည့်အပြင် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေကြောင်း၊ ၂၀၃၀ ခုနှစ်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်း Goal(6)ကို ပြည့်မီရေးအတွက် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် မြို့နာ်အသီးသီးမှ WASHလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုတို့မှ နိုးကြားတက်ကြွစိတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီလှိုင်မှ ၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လှုပ်ရှားမှုများနှင့်ပတ်သက်သည့် ပြခန်းငယ်အား ကြည့်ရှုကြသည်။
ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းများသည် လူတစ်ဦးချင်းစီမှစ၍ ကျေးရွာ/ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အဆင့်အထိ ပူးပေါင်းဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး လူတစ်ဦး၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့လူနေမှု အဆင့်အတန်းကို တိုင်းတာသည့် အညွှန်းကိန်းဖြစ်သည့်အတွက် ထိုလုပ်ငန်းမကောင်းပါက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေးပြယုတ်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။