Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအဆင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မတ် ၃၀ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခု၏ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဝန်ကြီးတစ်ဦးစီ ဦးဆောင်၍ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကာ မြေပြင်အခြေအနေအမှန်ကိုလည်း ကွင်းဆင်းစိစစ်ခဲ့ပြီးဖြစ်သည်ကို သိရှိထားရကြောင်း၊ မြို့နယ်တစ်ခုချင်းအလိုက် ကွင်းဆင်းစိစစ်ခဲ့သည့်အပေါ်  တွေ့ရှိခဲ့ရသည့် လိုအပ်ချက်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် အစိုးရပိုင်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်အလက်များကို တင်ပြပေးစေလိုကြောင်း၊ ဒါမှသာ တိုင်းဒေသကြီးအဆင့်ကော်မတီအနေဖြင့် လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများ မိမိတို့၏ အသိစိတ်ဓါတ်ဖြင့်လည်းကောင်း၊ ရပ်ရွာပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ဆောင်ရွက်ပေးထားသည့် Facility Quarantine စခန်းများတွင် သွားရောက်နေထိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်တစ်ခုချင်းအလိုက် ဖွဲ့စည်းပေးထားသည့် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးများက မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် Facility Quarantine စခန်းများ၏ အခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက မြို့နယ်တစ်ခုချင်းအလိုက် ထပ်မံထောက်ပံ့ပေးမည့် ဘဏ္ဍာငွေနှင့် သုံးစွဲရမည့် အခြေခံအချက်အလက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးငြိမ်းမှ  Facility Quarantine စခန်းများနှင့် Home Quarantine ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပဲခူးမြို့၊ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပဲခူးဆေးရုံတွင်  Isolation အဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အခြေအနေများနှင့် လိုအပ်ချက်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှ မတ်လ (၂၅)ရက်နေ့တွင် နေရပ်ပြန်လာသူထံမှ (COVID-19)ရောဂါပိုးအား မတ်လ(၂၉)ရက်နေ့၊ ညပိုင်းတွင် တွေ့ရှိခဲ့သဖြင့် ၎င်းနှင့်အတူ မော်တော်ယာဉ်စီးနင်းလိုက်ပါလာခဲ့သော ဝေါမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ မင်းလှမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့မှ စုစုပေါင်း(၇)ဦးပါရှိခဲ့ရာ၊ ယခုအခါ အဆိုပါထိုင်းနိုင်ငံမှ ပြန်လာသူ(၇)ဦးအား သက်ဆိုင်ရာ မြို့နယ်များရှိ Facility Quarantine စခန်းများသို့ ခေါ်ဆောင်၍ သီးခြားကျန်းမာရေးစောက်ရှာက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။