Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးသက်ရောက်မှုကို ပြန်လည်ကုစားနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးသက်ရောက်မှုကို ပြန်လည်ကုစားနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်

ပဲခူး မတ် ၂၃

=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် COVID-19 ရောဂါဖြစ်ပေါ်လျက်ရှိပြီး စက်ရုံ/အလုပ်ရုံများ ပိတ်သိမ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးအရထိခိုက်မှုများ ရှိလာနိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ/အလုပ်ရုံ၊ အလုပ်ရှင်/အလုပ်သမားဆိုင်ရာ ကဏ္ဍများ အတတ်နိုင်ဆုံးထိခိုက်မှုမရှိစေရေးကြိုတင်ပြင်ဆင် ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပေါ်မှုအပေါ် မိမိတို့အစိုးရအပိုင်းမှ ကူညီဆောင်ပေးသလို ယခုအခြေအနေမှာလည်း  အလုပ်သမားများ၏လူမှုဘဝများ ရေရှည်ရပ်တည်နိုင်ရေး ကြိုတင်တွေးဆထားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက Coronavirus Diseases 2019 (COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)မှ ဆုံးဖြတ်ချက်များအပေါ်  တိုင်းဒေသကြီးအတွင်း စီမံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက စီးပွားရေးဆိုင်ရာ ပြန်လည်ကုစားနိုင်ရေး ကဏ္ဍအသီးသီးမှ အချက်အလက်များ အတိအကျရရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း အထည်ချုပ် စက်ရုံများတွင် ကုန်ကြမ်းပစ္စည်းများရှိနေပြီး မေလအထိ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း၊ ထုတ်လုပ်မှုအဆင်ပြေနေပေမယ့် ပြည်ပနိုင်ငံမှ ဝယ်ယူမှုရပ်ဆိုင်းခဲ့ပါက စက်ရုံများ ခေတ္တပိတ်သိမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပြည်ပနိုင်ငံများတွင်လည်း စက်ရုံများပိတ်သိမ်း၍ မြန်မာနိုင်ငံသို့ ပြန်လာသည့် လုပ်သားများလည်းရှိနေပြီး သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ကြိုတင်စဉ်းစားကြရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်းကောင်း တင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ပဲခူးမြို့၊ ကလိ(၆)ထပ်ဆေးရုံ အနောက်ဘက်ရှိ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ရုံးအဆောက်အဦအား ကွင်းဆင်းကြည့်ရှုခဲ့မှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအားလည်းကောင်း ထိုင်းနိုင်ငံမှ ပြန်လာသည့် လုပ်သား(၆၀၀၀) ကျော်အနက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ လုပ်သား(၂၀၀၀)ကျော်ပါဝင်နေသဖြင့် ရပ်ကွက်/ကျေးရွာအလိုက် စောင့်ကြည့်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေသူဇော်က သတ်မှတ်ထားသည့် ပဲခူး၊ တောင်ငူ၊ ပြည်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ COVID-19 သံသယလူနာများ ရောက်ရှိလာပါက ကုသရေးဆောင်ရွက်နိုင်ရန် ကြိုတင်စီမံထားရှိမှုနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လက်ကျန်အခြေအနေတို့ကိုလည်းကောင်း၊ ပဲခူးမြို့စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပဲခူးစက်မှုဇုန်အတွင်း ပြည်ပနိုင်ငံသား(၄၀၀)ကျော်အနက် (၂၀၀)ခန့် ပြန်လည်ရောက်ရှိလာပြီး ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၄)ရက် စောင့်ကြည့်နေမှု အခြေအနေများ၊ စက်ရုံလုပ်သားများအား ကျန်းမာရေးအသိပညာပေး ဆောာင်ရွက်နေမှု အခြေအနေများတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က လူစည်းကားရာ စျေးများသည်လည်း အထူးအလေးထား စောင့်ကြည့်ရမည်ဖြစ်ပြီး စျေးပိတ်သိမ်းချိန်တွင် ဆေးဖြန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ လက်ရှိအခြေအနေအပေါ် မူတည်၍ ငွေကြေးဖောင်းပွမှုခန့်မှန်းရာတွင် (၇.၇)ရာခိုင်နှုန်းမှ (၆.၉)ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး ဆိုးရွားလာနိုင်သည့် အခြေအနေယူဆချက်အရ (၉.၁)ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်း၊ နိုင်ငံတော်၏ အရန်ငွေကြေးမှာလည်း အမေရိကန်ဒေါ်လာ (၅၉၃၆)သန်းမှ (၅၀၃၃)သန်းသို့ ကျဆင်းနိုင်ပြီး ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်ရပါက (၄၀၃၈)သန်းအထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိသည်။