Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအတွင်း Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးအပ်

မတ် ၃၁ (ပဲခူး)
===========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၃၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်က COVID-19 ရောဂါနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း  Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 ရောဂါနှင့်ပတ်သက်၍ ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သလို ပြည်ပနိုင်ငံများမှ နိုင်ငံသားများလည်း ထပ်မံဝင်ရောက်မှုများ ရှိနေကြောင်း၊ Home Quarantine နှ င့် Facility Quarantine ကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ကုသရေးအပိုင်းများ လျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းအပိုင်းကိုလည်း အရှိန်အဟုန်အပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Home Quarantine နှ င့် Facility Quarantine အတွင်း နေထိုင်သူများ သတ်မှတ်စည်းကမ်းများအား လိုက်ပါမှုမရှိပါက ထိရောက်စွာအရေးယူခြင်းခံရမည်ကိုလည်း နားလည်သဘောပေါက်စေရန် ရှင်းလင်းမှာကြားထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း  Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးအပ်ရာ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးများ(ခရိုင်ကြီးကြပ်ရေးဥက္ကဋ္ဌ)များမှ လက်ခံရယူခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက Facility Quarantine စခန်းများတွင် လိုအပ်ချက်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောာင်ရွက်ပေးရမည့် ကျန်းမာရေးသုံးပစ္စည်းများအား ထပ်မံဝယ်ယူနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ ပြန်လာသူများနှင့်ပတ်သက်၍ မတ်လ(၃၀)ရက်နေ့အထိ Facility Quarantine အတွင်း နေထိုင်သူ စုစုပေါင်း(၇၄၁၇)ဦးအား ပဲခူးခရိုင်တွင် Facility Quarantine စခန်း(၂၂၆)ခု၊ တောင်ငူခရိုင်တွင် Facility Quarantine စခန်း(၁၆၅)ခု၊ ပြည်ခရိုင်တွင် Facility Quarantine စခန်း(၁၄၆)ခု၊ သာယာဝတီခရိုင်တွင် Facility Quarantine စခန်း(၁၂၂)ခုတို့ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းအင်အား(၃၂၀၁)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။