Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း UNDP ၏ အကူအညီဖြင့် မြို့နယ်(၅)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီးအတွင်း UNDP ၏ အကူအညီဖြင့် မြို့နယ်(၅)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

ဇန်နဝါရီ ၁၉ (ပဲခူး)
————————-

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က UNDP ၏ အကူအညီဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် UNDP မြို့နယ်ဖွံ့ဖြိုးမှု အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ လူဦးရေအပေါ် မူတည်ပြီးရရှိသည့် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အလိုက် ၁/၂၀၁၇ တင်ဒါစည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ထားပြီးလည်းဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် တင်ဒါပိုလျှံငွေများကိုလည်း ၎င်းလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် စနစ်တကျသုံးစွဲနိုင်ရေး UNDP နှင့်ပူးပေါင်း၍ စီမံချက်များ ရေးဆွဲထားရန်လိုအပ်ကြောင်း၊ ငွေကြေးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း စနစ်တကျ သုံးစွဲကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များက တည်ဆောက်ရေးလုပ်ငန်းများအလိုက် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး UNDP၏ အကြီးတန်းစီမံခန့်ခွဲမှုနှင့် နည်းပညာအရာရှိမှ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အပံ့ရန်ပုံငွေ စီမံခန့်ခွဲမှုများကိုလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်(၅)မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ UNDP ၏ မြို့နယ်ကိုယ်စားလှယ်များမှလည်းကောင်း မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီး ဦးညွန့်ရွှေက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း UNDP မြို့နယ်ဖွံ့ဖြိုးမှု အထောက်အပံ့ရန်ပုံငွေ ရေတာရှည်မြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ မိုးညိုမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် စက်ရေတွင်းတူးဖော်ခြင်း၊ ကျောင်းဆောင်ဟောင်းများ အသစ်တည်ဆောက်ခြင်း၊ Community Center ဘက်စုံသုံးအဆောက်အဦ တည်ဆောက်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ တံတားတည်ဆောက်ခြင်းနှင့် ကျန်းမာရေး အထောက်အကူပြု စက်ပစ္စည်းများ ဝယ်ယူခြင်းတို့ ပါဝင်ကြောင်း သတင်းရရှိသည်။