Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(၄)ခရိုင် အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး(၄)ခရိုင် အေရိုးဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ ၁၈ (ပဲခူး)
========================

ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင် အောက်တိုဘာလ(၁၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ သရုပ်ပြခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ကြသည့် အသင်းများအနက်မှ ပထမရရှိသည့် အသင်းများက အငယ်တန်း/အကြီးတန်း အသင်းလိုက်သရုပ်ပြကစားခြင်း၊ အဆင့်မြင့်(၃)ယောက်တွဲနှင့် တစ်ဦးချင်းစွမ်းရည်ပြ သရုပ်ပြကစားခြင်းများ ပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကြည့်ရှု့အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းကျင်းပပြုလုပ်ရာ အဆင့်မြင့်(၃)ယောက်တွဲပြိုင်ပွဲ ပထမရရှိသည့် တောင်ငူခရိုင်အသင်း၊ ဒုတိယရရှိသည့် ပဲခူးခရိုင်အသင်း၊ တတိယရရှိသည့် ပြည်ခရိုင်အသင်း၊ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ ပထမရရှိသည့် ပဲခူးခရိုင်အသင်းမှ မခင်လေးမွန်၊ ဒုတိယရရှိသည့် ပြည်ခရိုင်အသင်းမှ မအိစန္ဒာထွေး၊ တတိယရရှိသည့် တောင်ငူခရိုင်အသင်းမှ မဖြူသွယ်နန်း၊ အငယ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသည့် ပဲခူးခရိုင်အသင်း၊ ဒုတိယရရှိသည့် သာယာဝတီခရိုင်အသင်း၊ တတိယရရှိသည့် တောင်ငူခရိုင်အသင်း၊ အကြီးတန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသည့် သာယာဝတီခရိုင်အသင်း၊ ဒုတိယရရှိသည့် ပဲခူးခရိုင်အသင်း၊ တတိယရရှိသည့် တောင်ငူခရိုင်အသင်းတို့အား တိုင်းအဆင့်ဌာနဆိုင်များနှင့် တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီဝင်များမှ ငွေသားဆုများနှင့် တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အငယ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသည့် ပဲခူးခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှလည်းကောင်း၊ အကြီးတန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသည့် သာယာဝတီခရိုင်အသင်းအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှလည်းကောင်း တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်း အမျိုးသမီး အားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော အမျိုးသမီးငယ်များ မွေးထုတ်ပေးရန်၊ တိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခရိုင်မှ အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုဖြင့် တိုင်းဒေသကြီး၏ ဂုဏ်နှင့် အားကစားစိတ်ဓာတ်ကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ(၁၇)ရက်နေ့မှ (၁၈)ရက်မေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့မှ ခရိုင်ကိုယ်စားပြုအသင်းများမှ အငယ်တန်း/အကြီးတန်း အသင်းလိုက်ပြိုင်ခြင်း၊ အဆင့်မြင့်(၃)ယောက်တွဲနှင့် တစ်ဦးချင်းစွမ်းရည်ပြပြိုင်ခြင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။