Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး‌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (ပဲခူး-အနောက်) လေ့ကျင့်ရေးအစီအစဉ် ဆင့်ပွားသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး‌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (ပဲခူး-အနောက်) လေ့ကျင့်ရေးအစီအစဉ် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဇန်နဝါရီ ၉ (ဇီးကုန်း)
———————-

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ စည်ပင်သာယာခန်းမတွင် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး‌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (ပဲခူး-အနောက်) လေ့ကျင့်ရေးအစီအစဉ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ COVID-19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ပဲခူးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဌ ဦးသိန်းဒန်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဝင်းသိန်းတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးကလည်းကောင်း၊ လွှတ်တော်တွင်း မေးခွန်း၊ အဆိုတင်သွင်းခြင်းနှင့် ဥပဒေပြုခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က လည်းကောင်း၊ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်း၊ အခွန်အကောက်ဆိုင်ရာနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်းကလည်းကောင်း၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် ကိုယ်စားလှယ်များ၏ တာဝန် ရပိုင်ခွင့်နှင့် လိုက်နာရမည့်ကျင့်ဝတ်များကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်ကလည်းကောင်း အသီးသီး ဆွေးနွေးသင်ကြားပို့ချကြကြောင်း သိရှိရသည်။
အဆိုပါသင်တန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မြို့နယ်အားလုံးနှင့် ကျေးလက်ဒေသမကျန် နှစ်စဉ်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာခ န့်မှန်းခြေငွေစာရင်းနှင့် တိုင်းဒေသကြီး(သို့)ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းတို့ကို ရေးဆွဲရာတွင် ပါဝင်လာစေရန်၊ မဲဆန္ဒနယ်မြေရှိ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းရာတွင် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းငယ်များကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်၊ ကျေးလက်ဒေသများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာ‌စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ မြို့နယ်အလိုက်သုံးစွဲရန် ခွင့်ပြုထားသော ထောက်ပံ့ငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်)ရှိ မြို့နယ်(၁၄)မြို့နယ်မှ တိုင်းဒေသကြီးရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်(၂၈)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။