Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ဇူလိုင် ၁၅ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စပါး၊ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်နိုင်ရေးသည် ဆန်စပါးစျေးကွက် တည်ငြိမ်ခိုင်မာမှုရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ အစိုးရမှ ဆန်/စပါးများ ဘဏ္ဍာနှစ်အလိုက် ဝယ်ယူရခြင်းဖြစ်ကြောင်း၊ ဆန်စပါးများ ဝယ်ယူရာတွင် တင်ဒါအောင်မြင်သူများအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ထိခိုက်မှုမရှိစေဘဲ အစိုးရမှ သတ်မှတ်ထားသော စျေးနှုန်းအတိုင်း ဝယ်ယူသွားရန် အရေးကြီးသလို ဆန်/စပါး ရောင်းချမည့် တောင်သူများအနေဖြင့်လည်း မိမိတို့၏ ဆန်း/စပါးများ ရောင်းချရာတွင် သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒါမှသာ အထင်အမြင်လွဲမှားမှုများ၊ အငြင်းပွားမှုမဖြစ်စေဘဲ လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း၊ ဆန်/စပါးစျေးကွက် ရေရှည်ခိုင်မာမှုရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖြစ်ပေါ်နေသည့် ဆန်/စပါး စျေးနှုန်းများနှင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးခဲ့မှုအခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းက နှစ်အလိုက် အစိုးရမှ ထောက်ပံ့ပေးမှုအပေါ်  သတ်မှတ်ချက်နှင့်အညီ တင်ဒါအောင်မြင်သည့် ဆန်/စပါး အဝယ်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့မှု၊ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ် မိုးစပါး ဝယ်ယူသွားမည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က အဝယ်ဒိုင်များအနေဖြင့် တောင်သူများနှင့်အနီးဆုံးနေရာအထိ ကွင်းဆင်းဝယ်ယူပေးနိုင်ရေးကိုလည်းကောင်း အသီးသီး တင်ပြခဲ့မှုအပေါ်  ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထွက်ရှိလာမည့် မိုးစပါးသီးနှံများအား သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရေးအတွက် အစိုဓါတ် (၁၄%)၊ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများ ကိုက်ညီသည့် တစ်တင်းလျှင်(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ်ငွေ(၅၂၀,၀၀၀) သတ်မှတ်ထားပြီး မြို့နယ်(၂၈)မြို့နယ်တွင် အဝယ်ဒိုင်များ ဖွင့်လှစ်ကာ စပါးတင်(၁၅)သိန်းခန့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး ဆန်စပါးကုန်သည်အသင်းမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။