Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်

မေ ၃၁ (ပဲခူး)
=================

ပဲခူးမြို့ မြို့တော်ခန်းမတွင် မေလ(၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့ စည်းရေးဆိုင်ရာ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် မသန်စွမ်းမှုဆိုင်ရာ အတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် အကျုံးဝင်ပါဝင်ခြင်းဆိုင်ရာ အတွေ့အကြုံများကိုအခြေခံပြီး ဖော်ထုတ်ရရှိသည့် သုတေသနရလဒ်များမှတဆင့် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိမှု အခြေအနေ တိုးတက်ပြောင်းလဲလာစေရေးအတွက် သုတေသန စစ်တမ်းကောက်ယူရန် စီစဉ်နေသည်ကိုသိရှိရကြောင်း မိမိတို့အစိုးရနှင့်အတူ ဌာနဆိုင်ရာများ ပြည်သူလူထုအားလုံးမှလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးလျှက်ရှိကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ခန္ဓာကိုယ်မသန်စွမ်းသော်လည်း စိတ်ဓာတ်ကျမသွားဘဲ အမြဲဘဲစိတ်ဓာတ်တွေ သန်စွမ်းနေရန် ကြိုးစားအားထုတ်ပြီး နိုင်ငံအတွက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဌ(၂)ဦးမိုးဇင်က ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့စည်းရာတွင် ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မဲပေးပုံအဆင့်ဆင့်အား မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်ဦးညွန့်အောင်က ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့စည်းရေးအတွက် အမှုဆောင်အဖွဲ့အား မဲပေးရွေးချယ်ကြသည်။
ပဲခူးတိုင်းဒေသကြီး မသန်းစွမ်းသူများအသင်းအား မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများကြုံတွေ့နေရသော ခွဲခြားဆက်ဆံမှုများ၊ အတားအဆီးများနှင့် အကျုံးဝင်ပါဝင်နိုင်ရေးအတွက် လိုအပ်ချက်များကိုလေ့လာဆန်းစစ်နိုင်ရန်၊ မသန်စွမ်းသူများ၏ အတွေ့အကြုံအခြေပြု မှတ်တမ်းများရယူခြင်းဖြင့် ခိုင်မာသောသက်သေအထောက်အထားများ ထွက်ပေါ်လာစေရန်၊ မသန်စွမ်းသူများကြုံတွေ့နေရသည့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အခက်အခဲများအတွက် အကြံပြုချက်များဖော်ထုတ်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ စည်းရုံးလှုပ်ဆော်မှုလုပ်ငန်းစဉ်များကို အထောက်အကူပြုပေးစေရန်ရည်ရွယ်၍ ဥက္ကဌအပါအဝင် အလုပ်အမှုဆောင်အဖွဲ့(၁၂)ဦးဖြင့် ဒီမိုကရေစီနည်းကျကျ ဆန္ဒမဲပေးရွေးချယ်တင်မြောက် ဖွဲ့စည်းကြကြောင်း သတင်းရရှိသည်။