Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇူလိုင် ၁၄ (ပဲခူး)
========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်၍ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တစ်ခေတ်တစ်ခါက အကြောင်းအမျိုးမျိုးကြောင့် မသွန်စွမ်းသူများအား လူမှုပတ်ဝန်းကျင် ကဏ္ဍပေါင်းစုံ၌ ချန်လှပ်ထားခဲ့ကြကြောင်း၊ ယခုအခါ မသန်ပေမယ့် စွမ်းဆောင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အစိုးရများ၊ လူမှု့အသိုင်းအဝန်းများက လက်ခံယုံကြည် လက်တွဲခေါ်ဆောင်ကာ ဖွံ့ဖြိုးရေးကဏ္ဍပေါင်းစုံတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အစိုးရမှ ကာကွယ်ခြင်း၊ စောင့်ရှောက်ပေးခြင်းတို့ကို ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေးတို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ယခုကော်မတီမှ ဖော်ဆောင်ပေးရန်ဖြစ်ပြီး Covid-19 ကာလအတွင်း အစိုးရအပိုင်းမှ ကူညီထောက်ပံ့ခြင်းများကို အလျင်အမြန် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်နိုင်ရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကော်မတီ၏ နှစ်အလိုက် ထောက်ပံ့ပေးခဲ့နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးချစ်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးတို့မှ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် မသန်စွမ်းသူများ၏ ကိုယ်ရေးအချက်အလက်နှင့် စနစ်တကျ စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ကိုယ်စားလှယ်တစ်ဦးမှ မသန်စွမ်းသူများ ကူညီထောက်ပံ့ပေးနိုင်ရေး စနစ်တကျ ဖွဲ့စည်းထားရှိမှုနှင့် အစိုးရနှင့်ပူးပေါင်းဆောာင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူဦးရေ(၇၄၂၁)ဦးနှင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် (၁၉၉၇၁)ဦးတို့အား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် မသန်စွမ်းသူများအား ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စာရင်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။