Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစား

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစား

စက်တင်ဘာ ၂၄ (ပဲခူး)
==============

စက်တင်ဘာလ(၂၄)ရက်နေ့ ညနေ(၃:၃၀)နာရီအချိန်က ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးကစားကွင်းတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောဘောလုံးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သော ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
ရှေးဦးစွာ ယှဉ်ပြိုင်ကစားကြမည့် နှစ်ဖက်အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ လိုက်လံနှုတ်ဆက်ပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက ပန်းစည်းပေးအပ်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောဘောလုံးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သော ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဒန်နှင့် အတွင်းရေးမှူး ဦးကျော်ဝင်းတို့မှ ကြည့်ရှုအားပေးပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သောဘောလုံးက (၂:၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ယှဉ်ပြိုင်ကစားကြသော ဘောလုံးအသင်း နှစ်သင်းအတွက် ဆုငွေ(၃)သိန်းကျပ် ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။