Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ ၃ (ပဲခူး)
=================

အောက်တိုဘာလ (၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုထိုက်သူ၊ ချီးမြှင့်ထိုက်သူကို ထိုက်တန်သော ဆုလက်မှတ်နှင့် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်လည်း ညီညွှတ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်း(၁)ဦးနှင့် ပြင်ပပုဂ္ဂိုလ်(၁)ဦး တို့အား ချီးမြှင့် ပေးခြင်းဖြစ်သော်လည်း အခြားဂုဏ်ပြုထိုက်သူများလည်း ရှိနေသေးမှာဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးတွင် ယခုထက်များပြားသော အရေအတွက်ကို ဂုဏ်ပြုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဂုဏ်ပြုထိုက်သူကို ရွေးချယ်တင်ပြရာတွင် ပါဝင်ရမည့် အချက်အလက်များ ပြည့်စုံမှန်ကန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူမျိုး/ဘာသာ မခွဲခြားပဲ နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုး စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြသည့် မည်သူ့ကိုမဆို ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ကွဲပြားမှုကို မခွဲခြားဘဲ မုဒိတာတရားပွား၍ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျန်းမာရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု(ဒုတိယအဆင့်)ရ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ၊ ဒေသဆိုင်ရာမျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ကိုဦးအားလည်းကောင်း၊ စိုက်ပျိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု(တတိယအဆင့်)ရ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာနေ တောင်သူ ဦးမြင့်ဦးအားလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ကျန်းမာရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု(ဒုတိယအဆင့်)ရ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ၊ ဒေသဆိုင်ရာမျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ကိုဦးသည် မြန်မာတစ်နိုင်ငံလုံးရှိ မျက်မမြင်ကာကွယ်ရေးနှင့် မျက်စိကုဌာနများ၏ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပထမ အများဆုံး စောင့်ရှောက်ပေးနိုင်ခြင်း၊ ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ပပရဟိတများနှင့်ပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အတွင်းတိမ် ခွဲစိတ်မှုပေါင်း(၅၄၃၁)ဦးအား အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ ၊ စိုက်ပျိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု(တတိယအဆင့်)ရ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာနေ တောင်သူဦးမြင့်ဦးသည် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များအတိုင်း အခြားတောင်သူများအား စိုက်ပျိုးနိုင်ရန် ရှေ့ဆောင်လမ်းပြ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်မှုလယ်ယာကူးပြောင်းရေး ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်ရုံသာမက အခြားသူများအတွက် စံပြဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူ ဒေါက်တာကိုဦးက ကျေးဇူးတင်စကားကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုဆုရရှိသူနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။