Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် သနပ်ပင်မြို့နယ် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်း

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် သနပ်ပင်မြို့နယ် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်း

ဇန်နဝါရီ ၂၀ (သနပ်ပင်)
——————————-

ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီအချိန်က သနပ်ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ ဘုရားကျောင်းဓမ္မာရုံတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် သနပ်ပင်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က ယနေ့ခေတ်ကာလသည် ခေတ်သစ်ပညာရေးနှင့် လူအဖွဲ့အစည်း ယှဉ်တွဲမှသာ အနာဂတ်ဘဝ ပိုမိုလှပတည်မြဲနိုင်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများကစပြီး ဒီမိုကရေစီ၏ အနှစ်သာရနှင့် သဘောတရားများကို စတင်သင်ကြားပေးရန် ဆရာ/ဆရာမများမှာ တာဝန်ရှိကြောင်း၊၊ ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး၊ တစ်နည်းအားဖြင့် ပြည်သူ့ထံမှ ဆင်းသက်လာသော အစိုးရပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူ့ထံမှ ဆင်းသက်လာသော ပြည်သူ့အစိုးရဖြစ်ပြီး ဒီမိုကရေစီကို ခေတ်အဆက်ဆက် အတတ်ကြွဆုံး ကျင့်သုံးနိုင်ရန် ကြွေးကြော်ကျင့်သုံးခဲ့ရာ ယနေ့အချိန်တွင် ဒီမိုကရေစီ မျိုးစေ့လေးကို အချိန်အခါမီ ချထားပေးခဲ့ပြီးဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲစေရန် လူငယ်များတွင်လည်း တာဝန်ရှိပါကြောင်းနှင့် အနာဂတ် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မြဲတည်တံ့စေရန်အတွက်လည်း အခုအချိန်ကတည်းက ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးမှ ဒေသဖွံ့ဖြိုးရေး ဖြည့်ဆည်းဆောင်ရွက်များနှင့် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်များက ဌာန၏ လုပ်ငန်းဆောင်ရွက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သနပ်ပင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကို ပြည်သူများသိရှိစေရန် အသိပညာပေး ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် ကျွန်းကြီးကျေးရွာအုပ်စု၊ ကျုံပါကျေးရွာအုပ်စု၊ သနတ်တန်းကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာအုပ်စု၊ အောက်တကဲကျေးရွာအုပ်စု၊ အောက်သောင်ကျေးရွာအုပ်စု၊ ကျူချောင်းကျေးရွာအုပ်စု၊ ဝဲပြန်ကျေးရွာ၊ ရွှေလှေကျေးရွာများမှ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လမ်းတံတားများ တည်ဆောက်ပေးရေး၊ ဝန်ထမ်းအိမ်ရာတည်ဆောက်ပေးရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ဒေသအတွက် လိုအပ်နေသည့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို တင်ပြတောင်းဆိုကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ကျေးရွာအုပ်စုများအတွင်းရှိ အခြေခံများကျောင်းများအတွက် အားကစားပြုလုပ်ရန် ဘောလုံးများကို မြို့နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။