Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သြဂုတ် ၆ (ပဲခူး)
======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အားကစားကဏ္ဍသည် တိုင်းပြည်အတွင်းရှိ အနာဂတ် လူငယ်/လူရွယ်များ ကိုယ်ကာယ ကြံ့ခိုင်ရေး၊ စိတ်ဓာတ်မြင့်မားရေးနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု မြို့ကြီးများတွင် အားကစားရွာ(Sport Village)များ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်မှတစ်ဆင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာနိုင်စေရေး အခြေခံပညာဦးစီးဌာနများနှင့် ပေါင်းစပ်ကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများနှင့် အားကစားရုံများ ပြုပြင်နေမှုအခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အခြေခံပညာကျောင်းများအတွက် ငွေကျပ်(၁၁)သိန်း တန်ဖိုးရှိ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးဆန်းအောင်မှ လက်ခံရယူခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မှု၊ ဆုတံဆိပ်ရရှိမှုနှင့် အဆင့်ရရှိမှု အခြေအနေမှာ  အားကစား နည်း(၃၀)နည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၂)ခု၊ ငွေတံဆိပ်(၂၁)ခု၊ ကြေးတံဆိပ်(၂၉)ခု၊ စုစုပေါင်း (၇၂)ခု၊ ပထမတံခွန်စိုက်ဖလား (၃)ခု ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်(၈) ရရှိခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။