Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၂ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ကူးစက်မှု တတိယအများဆုံးဖြစ်နေကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ပဲခူးမြို့တွင် ကူးစက်မှုအများဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေထူထပ်ခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ စက်ရုံ/အလုပ်များ တည်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်း ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုများရှိသလို မလိုက်နာမှုများလည်းရှိကြောင်း၊ Covid-19 ရောဂါ ပိုးသစ်များ အရှေ့တောင်အာရှ အချို့နိုင်ငံများ၌ တွေ့ရှိနေပြီဖြစ်၍ မဖြစ်မနေ လူတစ်ဦးချင်း ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးအသိ၊သတိများထားရှိရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အနောက်တံခါး ခိုးဝင်လာသူများမှ မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ကူးစက်မှုစတင်ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိလည်း ခိုးဝင်လာသူများ ဖမ်းဆီးရမိခြင်းများရှိသလို ဖမ်းဆီးရရှိခြင်းမရှိသေးသော ခိုးဝင်လာသူများ ပြည်တွင်းနေရာတစ်ချို့၌ ရှိနေနိုင်သေးကြောင်း၊ ခိုးဝင်၍ ဖမ်းဆီးရမိသူများအား ကျန်းမာရေးစစ်ဆေးရာတွင် လူတစ်ချို့၌ Covid-19 ရောဂါပိုးရှိနေသည်ကို သတင်းများကြားသိနေရကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်နှင့် ထိဆက်နေသည့် ပြည်ခရိုင်နယ်စပ်ဂိတ်များ အထူးသတိထားရန်လိုအပ်ကြောင်း၊ စက်ရုံများ လစာပေးရက်များတွင် ATM ကတ်များဖြင့် လစာငွေထုတ်ယူမှုသည် လူစုလူဝေးများ ဖြစ်ပေါ်လျက်ရှိပြီး ရောဂါပိုးကူးစက်ရန် အလားအလာများရှိနေကြာင်း၊ စက်ရုံအတွင်း ရောဂါပိုးတွေ့ရှိသူနှင့် ဆက်စပ်ထိတွေ့သူများအား သတင်းထိန်ချန်ခြင်းများအား ထိိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်ကိုလည်းကောင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းက Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာအလိုက် ဧရိယာသတ်မှတ်၍ ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာနိုင်ရေး သက်ဆိုင်ရာမြို့နယ်Covid ကော်မတီများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာရန်နိုင်မောင်က ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးပြီးလျှင် ပဲခူးတိုင်းဒေသကြီးသည် တတိယရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်နေ၍ အထူးသတိထားရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် လူစုလူဝေးဖြစ်နိုင်သည့် စျေးများ၊ စက်ရုံများတွင် ကူးစက်မှုများပြားသည်ကို တွေ့ရှိရ၍ တတ်နိုင်သမျှ အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် Covid-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အကြာမီ ကျင်းပတော့မည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့်အတွက် ကျန်းမာရေးညွှန်ချက်များအတိုင်း အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ တင်ပြခဲ့ရာ၊ လိုအပ်ချက်များအပေါ် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။