Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးနှင့်တောင်ငူခရိုင်အတွင်း သဘာဝဘေးကြောင့်သီးနှံပျက်စီးသွားသောဧကများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်

ပဲခူးနှင့်တောင်ငူခရိုင်အတွင်း သဘာဝဘေးကြောင့်သီးနှံပျက်စီးသွားသောဧကများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်

အောက်တိုဘာ ၂၂ (ပဲခူး)
================

အောက်တိုဘာလ(၂၁)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းမဝေးခန်းမတွင် ၂၀၁၅-၁၆ခုနှစ် ပဲခူးခရိုင်နှင့်တောင်ငူခရိုင်အတွင်း သဘာဝဘေးကြောင့် သီနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုး ညွှန်ကြားရေးမှုးဦးလှမြင့်က ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးခရိုင်အတွင်းသီးနှံပျက်စီးသွားသည့် ပဲခူး၊ ဝေါ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ရွှေကျင် မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့်တောင်သူများထံသို့လည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က တောင်ငူခရိုင်အတွင်းသီးနှံပျက်စီးသွားသည့် တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ ထန်းတပင် မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့် တောင်သူများထံသို့လည်းကောင်း ဓာတ်မြေသြဇာအိတ်များ လွှဲပြောင်းပေးအပ်ခဲ့ကြကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရုံးမှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၏အခြေခံစီးပွားဖြစ်သည့် လယ်ယာကဏ္ဍထုတ်ကုန်များ ထိခိုက်ဆုံးရှုံးမှုများရှိနေသည့်အတွက် ပြန်လည်ကုစားပေးနိုင်ရန်နှင့် ထိရောက်စွာကူညီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီးကမ္ဘာ့ဘဏ် (World Bank )ချေးငွေဖြင့် အရေးပေါ်တုန့်ပြန်မှုစီမံကိန်း (IRM) အစီအစဉ်အရ UNOPs မှ ကွန်ပေါင်းဓာတ်မြေသြဇာများဝယ်ယူ၍ ပြည်ထောင်စုမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် ၂၀၁၅-၂၀၁၆ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံ(၁၅၂၈၄၇)ဧကပျက်စီးသွားရာ (၅)ဧကလျှင် ကွန်ပေါင်းဓာတ်မြေသြဇာ(၁)အိတ်နှုန်းဖြင့်စုစုပေါင်း(၃၀၅၆၉)အိတ် ထောက်ပံ့ပေးခဲ့သည်။ပဲခူးခရိုင်အတွင်းတွင် ပျက်စီးဧက(၂၄၆၃၀)ဧက၊ ထောက်ပံ့ဓာတ်မြေသြဇာ(၄၉၂၇)အိတ်၊ တောင်ငူခရိုင်အတွင်းတွင် ပျက်စီးဧက(၃၇၇၃)ဧက၊ ထောက်ပံ့ဓာတ်မြေသြဇာ(၇၅၄)အိတ်၊ ပြည်ခရိုင်အတွင်းတွင် ပျက်စီးဧက(၃၅၃၈၇)ဧက ထောက်ပံ့ဓာတ်မြေသြဇာ(၇၀၇၇)အိတ်၊ သာယာဝတီခရိုင်အတွင်းတွင် ပျက်စီးဧက(၈၉၀၅၇)ဧက၊ ထောက်ပံ့ဓာတ်မြေသြဇာ(၁၇၈၁၁)အိတ်တို့အား ကမ္ဘာ့ဘဏ် (World Bank) ချေးငွေဖြင့် အရေးပေါ်တုန့်ပြန်မှုစီမံကိန်း (IRM) အစီအစဉ်အရ UNOPs မှဝယ်ယူ၍ ပြည်ထောင်စုမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။