Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၂၆ (ပဲခူး)
====================

ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်းကို JICA အကူအညီဖြင့် ဂျပန်တိုကျိုတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ၊ ယခုအခါ သုတေသနတွေ့ရှိချက်များ ရရှိလာခဲ့ပြီးဖြစ်၍ အလွန်ကျေးဇူးတင်ရှိကြောင်း၊ ရရှိလာသည့် အချက်အလက်များကို အခြေခံပြီး အနာဂတ် မြို့ပြစီမံကိန်းများ ရေးဆွဲခြင်းနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းတို့ကို ရေရှည်စီမံကိန်းများ ချမှတ်ရေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ တစ်ခေတ်တစ်ခါက ဂေဟစနစ်ကို မထိန်းသိမ်းနိုင်ခဲ့ဘဲ သစ်တောများ ပြုန်းတီးရာမှတစ်ဆင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ ဒီအခြေအနေကို ပြန်လည်ကုစားနိုင်ရေး သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် သောင်တူးခြင်းနှင့် မြစ်ကြောင်း ဖြောင့်ခြင်းလုပ်ငန်းများကိုလည်း တစ်ဆက်တည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုကျိုတက္ကသိုလ်မှ Dr. Akiyuki က ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါ ရေကြီးရေလျှံမှု ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ့ရှိချက်နှင့် အကျိုးရလဒ်များမှတစ်ဆင့် ရရှိလာသည့် အချက်အလက်များအပေါ် မူတည်ပြီး မြစ်ရေကြီးမှု ခန့်မှန်းချက်များ၊ ပဲခူးမြစ်တစ်လျှောက် ဖြစ်ပေါ်နေသည့် ရေအမှတ်၊ ဒီရေအတက်/အကျ၊ မြစ်ရေအပူချိန်၊ ရေစီးဝင်မှုစသည့် အခြေခံအချက်အလက်များကို သိရှိနိုင်မည်ဖြစ်ပြီး ဂြိုလ်တုမှ အချိန်နှင့်တစ်ပြေးညီ ပေးပို့လာသည့် ကောင်းကင်ဓါတ်ပုံများကိုလည်း ခွင့်ပြုထားသည့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများမှ တိုက်ရိုက်ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရှင်းလင်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုကျိုတက္ကသိုလ်မှ Dr. Akiyukiနှင့် တာဝန်ရှိသူများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဝင်းဝင်းဇင်နှင့် JICA အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။