Home / ကုသရေးဦးစီးဌာန / ပဲခူးမြို့ဆေးရုံကြီးတွင် အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူးမြို့ဆေးရုံကြီးတွင် အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ဇူလိုင် ၁၇ (ပဲခူး)
=================================

ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အရေးပေါ်ဌာနရှေ့ရှိ တည်ဆောက်မည့်မြေနေရာတွင် ဇူလိုင်လ(၁၇)ရက်နေ့ နံက်(၈:၃၀)နာရီအချိန်က အောင်သုခ(၄)ထပ် လူနာဆောင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ ရွှေသံလွင်ကုမ္ပဏီ နာယကကြီး ဒေါက်တာဒေါ်နီနီနှင့် Rain Forest Company ၏MDဦးမိုးကျော်သူတို့က ပန္နက်တင်မင်္ဂလာအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်မင်္ဂလာအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက စက်ခလုပ်နှိပ်၍ စက်ယန္တရားဖြင့်ပန္နက်တင်မင်္ဂလာအား ဆောင်ရွက်ပေးပြီး ပန္နက်တိုင်များကို ဝနိကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
အဆိုပါ အောင်သုခ(၄)ထပ်လူနာဆောင် အဆောက်အဦအား ပဲခူးမြို့၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာနှင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ငွေကျပ်သိန်း(၂)သောင်းကျော် အကုန်ကျခံကာ Rain Forest Company မှတာဝန်ယူဆောက်လုပ်လှူ ဒါန်းမည်ဖြစ်ပြီး အဆောက်အဦဆောက်လုပ်ရန် မြေသန့်မင်္ဂလာပြုလုပ်ခြင်းကို ဇူလိုင်လ(၁၄)ရက်နေ့က ပဲခူးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဌ ဆရာတော် ဦးဆောင်သောဆရာတော် သံဃာတော်များပင့်ဖိတ်၍ ဆောင်ရွက်ခဲ့သည်။
အောင်သုခ(၄)ထပ် လူနာဆောင်အဆောက်အဦ တည်ဆောက်ပြီးစီးသွားပါက နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အပေါ်ဆုံးထပ်အား သံဃာတော်များအတွက် သံဃာ့ဆေးရုံအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ အောင်သုခ (၄)ထပ်လူနာဆောင်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဆေးရုံအထောက်အကူပြုကော်မတီဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ရှိသူများ၊ ပဲခူးပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ မြို့မိမြို့ဖများ၊ စည်ပင်သာယာကော်မတီဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။