Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင်းလမ်းများ LED လမ်းမီးတိုင်များ တည်ဆောက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးမြို့တွင်းလမ်းများ LED လမ်းမီးတိုင်များ တည်ဆောက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဒီဇင်ဘာ ၆ (ပဲခူး)

==================================

       ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့တွင်းလမ်းများ LED လမ်းမီးတိုင်းများ တည်ဆောက်ရန် လျှပ်စစ် ကုမ္ပဏီ(၃)ခုမှ လုပ်ငန်းဆောင်ရွက်ချက်များ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့၊ မြို့အဝင်ဂိတ်မှ ပဲခူးမြို့အထွက်ထိ LED မီးတိုင်များ တည်ဆောက်ရန်အတွက် ကုမ္ပဏီများအား ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ LED မီးတိုင်များ တည်ဆောက်ခြင်းသည် ယာဉ်အန္တရာယ်ကင်းရှင်းရန်၊ ဒုစရိုက်မှုလျော့နည်းရန်နှင့် သာယာလှပ စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး တက်ရောက်လာသည့် ကုမ္ပဏီ များမှ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များအား တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

         ထို့နောက် Dream Light Technology Co., Ltd မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းနိုင်၊ Krislite Co., Ltd မန်နေးဂျင်းဒါရိုက်တာ ဦးကျော်မိုးနိုင်နှင့် Aryan Land Co., Ltd မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းလင်းစိုးတို့မှ ပဲခူးမြို့တွင်လမ်းများ၌ Street Light နှင့် High Light တပ်ဆင်မည့်နေရာများ၊ တပ်ဆင်သွားမည့် LED အမျိုးအစားနှင့် နည်းပညာအချက်အလက်များ အား Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

         ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မေးမြန်းချက်များအပေါ် တက်ရောက်လာသည့် ကုမ္ပဏီများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လျှပ်စစ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။