Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မေ ၃၁ (ပဲခူး)
====================================

ပဲခူးမြို့ သီရိဟံသာခန်းမ၌ မေလ(၃၁)ရက်နေ့ နံနက် (၉) နာရီအချိန်က ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူလူထုများ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် တိုင်းဒေသကြီးဖြစ်ရန်အတွက် အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေ အမိန့်ကြော်ငြာစာများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ပြည်သူလူထုကလည်း ကျန်းမာရေးအသိရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသိင်္ဂီက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းက ဆေးလိပ်၊ ဆေးရွက်ကြီး သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ရောဂါဝေဒနာများကို တက်ရောက်လာသူများအား အသိပညာပြန့်ပွားပေးနိုင်ရန် ပရိုဂျက်တာဖြင့်ပြသပေးကာ ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်ပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် နှစ်စဉ်မေလ (၃၁) ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားရှိပြီး ယခု ၂ဝ၁၉ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် “အသက်အန္တရာယ်ကင်းဝေးဖို့ ဆေးလိပ်ငွေ့ကိုငြင်းပယ်စို့”ဖြစ်သည်။ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ပြည်သူလူထုအနေဖြင့် ဆေးလိပ်၊ဆေးရွက်ကြီးသောက်သုံးမှု ကြောင့်ဖြစ်ပွားလာနိုင်သည့် ရောဂါများနှင့် ဘေးထွက်ဆိုးကျိုးများကို သိရှိနားလည်ဆင်ခြင်နိုင်စေပြီး သောက်သုံးမှု လျော့နည်းလာစေရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်၏ ဦးတည်ချက်သည်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်မှစ၍ ရောဂါအမျိုးမျိုးကိုဖြစ်ပွားစေကြောင်း အများပြည်သူပိုမိုသိရှိစေရန် အသိပေး တိုက်တွန်းလိုခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ၊ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။