Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲတွင် အားကစားသမား(၆၀၀)ကျော် ပါဝင်ယှဉ်ပြိုင်

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲတွင် အားကစားသမား(၆၀၀)ကျော် ပါဝင်ယှဉ်ပြိုင်

ဖေဖော်ဝါရီ ၁၁ (ပဲခူး)
—————————-

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၆)နာရီအချိန်က တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Pocari Sweat Iron အားဖြည့်အချိုရည်တို့ ပူးပေါင်းပြီး ပဲခူးမြို့တွင် Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် ကျား/မ အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
Myanmar Union Day Peace Run(၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် ကျား/မအပြေးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ အပြေးအားကစားကို စိတ်ပါဝင်စားသည့် ပြည်သူများ စုစုပေါင်း (၆၀၀)ဦးကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့မှ သေနတ်ပစ်ဖေါက်၍ တာလွှတ်ပေးကြပြီး အားကစားသမားများမှ ပဲခူးမြို့၊ ဟင်္သာလမ်းရှိ ဟံသာဝတီဘောကွင်းရှေ့မှစတင်၍ ဟင်္သာလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဗန္ဓုလလမ်း၊ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်း၊ မြို့တော်ခန်းမရှေ့လမ်း၊ ဟင်္သာကုန်းဘုရားလမ်း၊ သနပ်ပင်လမ်း၊ ရှင်စောပုလမ်းစသည့် လမ်းကြောင်းအတိုင်း အပြေးယှဉ်ပြိုင်သွားကြကြောင်း သိရသည်။
ထို့နောက် Myanmar Union Day Peace Run(၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် ကျား/မအပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိကြသည့် အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြင့်ကြရာ အမျိုးသား/အမျိုးသမီး ပထမဆု ငွေကျပ်(၃)သိန်းနှင့် ဆုတံဆိပ်၊ ဒုတိယဆု ငွေကျပ်(၂)သိန်းနှင့် ဆုတံဆိပ်၊ တတိယဆု ငွေကျပ်(၁)သိန်းနှင့် ဆုတံဆိပ်၊ အဆင့်(၄)မှ အဆင့်(၁၀)အထိ ငွေကျပ်(၅)သောင်းနှင့် ဆွဲပြား၊ အဆင့်(၁၁)မှ အဆင့်(၂၀)အထိ ငွေကျပ်(၃)သောင်းနှင့် ဆွဲပြား၊ အဆင့်(၂၁)မှ(၃၀)အထိ ငွေကျပ်(၂)သောင်းနှင့် ဆွဲပြား၊ အဆင့်(၃၁)မှ(၅၀)အထိ ငွေကျပ်(၁)သောင်းနှင့် ဆွဲပြားတို့ကို ပေးအပ်ချီးမြှင့်ကြရာ အမျိုးသားပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှလည်းကောင်း၊ အမျိုးသမီးပထမ၊ ဒုတိယ၊ တတိယရရှိသူများအား လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ လည်းကောင်း၊ အဆင့်(၄)မှ အဆင့်(၅၀)အထိ ရရှိကြသည့် အမျိုးသား/အမျိုးသမီးများအား ဥပဒေချုပ် ဦးအုန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Pocari Sweat Iron အားဖြည့်အချိုရည်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် Myanmar Union Day Peace Run(၅) ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲအား နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့် အားကစားလုပ်ငန်းကို အဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များ အားကစားကို ပိုမိုလေ့လာလိုက်စားနိုင်ရန်၊ အားကစားသမားအချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေရန်၊ တိုင်းဒေသကြီးအတွင်း ဖိတ်ခေါ်ပြိုင်ပွဲများမှတဆင့် တိုင်းဒေသကြီး လက်ရွေးစင်၊ နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်လာစေရန်၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စား၍ အားကစားစိတ်ဓါတ်မှ အမျိုးသားရေးစိတ်ဓါတ်သို့ ပြောင်းလဲသဘောထားလာရန်တို့အတွက် ရည်ရွယ်(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။