Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ် ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု

ပဲခူးမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ် ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု

မေ ၃၀ (ပဲခူး)
====================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပြီး ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြသည်။
ရှေ့ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူတိုင်းပညာတတ်မှ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ လူတိုင်းပညာတတ်ရေး၊ ပညာရှိရေးအတွက် အရွယ်(၃)ပါးမှ ပထမအရွယ်ဖြစ်သော ကျောင်းနေအရွယ်ကလေးများ ပညာရှာရန် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းသို့ ရောက်ရှိရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် ပညာရေးဌာနတစ်ခုထဲ လုပ်ဆောင်၍မရဘဲ အစိုးရ၊ လူမှုရေးအဖွဲ့အစည်း၊ မိဘပြည်သူ၊ ဆရာ၊ကျောင်းသား ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေကြောင်း အမှာစကားပြောကြားကာ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းစစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ဗလာစာအုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ထောက်ပံ့သည့် ဗလာစာအုပ်(၄၂၄၆၈၇)ဒါဇင်တို့အား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးဆရာကြီး ဦးစန်းအောင်ထံသို့လည်းကောင်း၊ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်များအား ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းစစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးမှ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် ပညာရေးမှူးများထံသို့လည်းကောင်း ပေးအပ်လှူဒါန်းပြီး ကျောင်းအဆောက်အဦများနှင့် ကျောင်းသုံးပရိဘောဂများ လှူဒါန်းသည့်အလှူရှင်များအား တိုင်းဒေသကြီးပညာရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ လှူဒါန်းသောအလှူငွေများကို အလှူရှင်များမှ တိုင်းဒေသကြီးပညာရေးမှူး ဆရာကြီးဦးစန်းအောင်ထံ ပေးအပ်လှူဒါန်းကြသည်။
၂၀၁၉-၂၀၂၀ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် လှုံဆော်ရေးပိုစတာဆိုင်းဘုတ်သည် “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့” ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအား မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာ ပညာရေးဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ အထက်တန်းကျောင်း(၂၄)ကျောင်း၊ အလယ်တန်းကျောင်း (၉၀)ကျောင်း၊ မူလတန်းကျောင်း(၅၀)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၄၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၅၁)ကျောင်း၊ မူလွန်ကျောင်း(၃၉)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂၇)ကျောင်း၊ စုစုပေါင်း(၃၂၈)ကျောင်းတို့အား ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီးတစ်ခုလုံးတွင် အတန်းတက်ခွင့်ရရှိသူ ကျောင်းသား/သူ(၉၃၉၆၃၂)ဦးရှိပြီး ယနေ့အထိ ကျောင်းအပ်နှံပြီးစီးသူမှာ (၇၅၄၉၀၀)ဦးရှိကြောင်း သတင်းရရှိသည်။