Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက်ကလေးစာပေပွဲတော် ကျင်းပပြုလုပ်

ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက်ကလေးစာပေပွဲတော် ကျင်းပပြုလုပ်

ဒီဇင်ဘာ ၇ (ပဲခူး)
=================

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၈)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပဲခူးမြို့နယ် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်းစီစဉ်ပြုလုပ်သည့် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကလေးစာပေပွဲတော်အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဝန်ရံပြီးထူးချွန် ကျောင်းသား/သူ(၅)ဦးမှ ကျောင်းသား/သူ(၃၀၀)ဦးခြံရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား/သူများက “ကလေးစာပေပွဲတော် Theme Song”သီချင်းသီဆိုပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကလေးစာပေပွဲတော်ကျင်းပပြုလုပ်ခြင်းသည် အနာဂတ်ကိုထုဆစ်ပုံဖော်မှုမည့် ကလေးများ၏ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်ဖို့လာစေရန်ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့ တည်ဆောက်အကောင်အထည်ဖော် ပေးခြင်းဖြစ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များဖြစ်သည့် ကလေးများကို ဉာဏ်ရည်ဉာဏ်သွေးဗဟုသုတများ ထက်မြက်လာစေရန်နှင့် တီထွင်ဖန်တီးလိုစိတ်များရင့်သန်လာစေရန်၊ ကလေးများသာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေရန်နှင့် ကလေးများ၏ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် စာပေတွင် ပျော်ရွှင်လာစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြု အသင်း နာယက ဒေါ်မြင့်မြင့်သန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက ယဉ်ကျေးမှု အမွေ ပုဂံမြေသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(နတ်ကင်း)မှ ကျောင်းသား/သူများက ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များက စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု့အားပေးကြကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ နိုင်ငံတော်အဆင့်ကလေးစာပေပွဲတော်ကို ၂၀၁၉ခုနှစ်မတ်လတွင် ပဲခူးတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အဆင့်အနေဖြင့် ပဲခူး၊ ပြည်၊ သာယာဝတီခရိုင် တို့တွင်လည်းကောင်း၊ မြို့နယ်အဆင့်များအနေဖြင့် ပဲခူး၊ နတ်တလင်း၊ ကျောက်တံခါး မြို့နယ်များတွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပြီး အဆိုပါကလေးစာပေပွဲတော်များအား ကလေးစာပေပွဲတော်မှာကလေးများ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာဆင်နွဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် ပတ်သက်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် ပညာဗဟုသုတ၊ လူရည်လူသွေး ပြည့်ဝပြီး အနာဂတ်တွင်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုကြသူများဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ကလေးစာပေပွဲတော်အား ဒီဇင်ဘာလ(၇)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား/သူများက တိုင်းရင်းသား လူမျိုးများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်း၊ တေးသီချင်းများ တေးသရုပ်ဖော် အစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံ ဆက်စကားခြင်း၊ အရုပ်ဆက်ကစားခြင်း၊ အိမ်ဆောက်နည်းကစားခြင်း၊ အာလူးကောက်၊ စကောရွက်၊ ဘတ်စကတ်ဘောဂိုးသွင်းခြင်း၊ ဘောလုံးကန်ဂိုးသွင်း၊ ခွက်နင်းလမ်းလျှောက်ခြင်း၊ ပူးပေါင်းညှပ်ကစားခြင်း၊ ခါးကွင်းလှည့်ကစားခြင်း စသည့်ဂိမ်းကစားပွဲများပါဝင်မည်ဖြစ်သည့်အပြင် စာပေဟောပြောပွဲများ၊ ကလေးစာပေပြပွဲ၊ တောင်ငူခေတ်သမိုင်း ဓာတ်ပုံစုစည်းမှုပြခန်း၊ ကျောက်စာပြခန်း၊ အာကာသနှင့် စကြဝဠာ သင်ကြားရေးပစ္စည်းများပြခန်း၊ အလင်းသစ် ကိုယ်ပိုင်အထက်တန်းကျောင်း ပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးပြခန်း၊ ကွန်ပျူတာဂိမ်း ကစားနည်းပြခန်း၊ လူကုန်ကူးမှုတားဆီးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေးပြခန်းနှင့် အခြေခံပညာကျောင်း ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။