Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်

ပဲခူးမြို့တွင် ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်

ဖေဖော်ဝါရီ ၂၆ (ပဲခူး)
__________________

ပဲခူးမြို့ ရှင်စောပုလမ်း၊ ရှင်စောပုဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေ‌ေဖာ်ဝါရီလ(၂၆)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က ဒုတိယအကြိမ် မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးရေးကောမတီဥက္ကဌ ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးရဲ့ရေရှည်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ အတတ်ပညာများကို စေတနာထား လာရောက်ပို့ချပေးသည့် ပညာရှင်ဆရာများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြို့ပြနှင့်အိမ်ရာကဏ္ဍမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာစေဖို့ သင်တန်းတက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအနေဖြင့် အလေးထားသင်ယူကြဖို့နှင့် တက်ကြွစွာပါဝင်ဆွေးနွေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ယခင်အိုးအိမ်ဦးစီးဌာန၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျရောက်ခြင်းအတွက် အိမ်ရာပညာရှင်ဆရာဦးမြင့်ဆွေက ဦးစီးဌာန၏ အကြောင်းအရာ အကျဉ်းအား ရှင်းလင်းပြောကြားပြီး တက်ကောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
ယင်းနောက် မြန်မာနိုင်ငံဘောဂဗေဒအသင်း ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ညို (စာရေးဆရာ၊ ဘောဂဗေဒပညာရှင်)မှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြို့ပြနှင့်ပတ်သက်သည့် ကြုံတွေ့ရသော ပြဿနာတစ်ချို့ ကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဝင်းမြင့်မှ မြို့ပြတစ်ခု၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပဲခူးတိုင်းဒေသကြီး၏ ဒုတိယမြို့ကြီးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြို့ပြမူဝါဒနှင့် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာများအကြောင်းကိုလည်း‌ကောင်း၊ ထားဝယ် SEZ စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမြင့်ဆန်း (စီးပွားရပညာလေ့လာသူ)က ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပဲခူးမြို့၏ အခန်းကဏ္ဍကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အကြံပေးပိုဂ္ဂိုလ် မြို့ပြပညာရှင် ဦးသံမိုးက မြို့ပြစီမံကိန်းနှင့် မြို့ပြစီမံခန့်ခွဲမှု မိတ်ဆက်ခြင်းအကြောင်းကိုလည်းကောင်း၊ အကြံပေးပုဂ္ဂိုလ် ဦးမြင့်ဆွေ(အိမ်ရာပညာရှင်)က ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပဲခူး၏အခန်းကဏ္ကကိုလည်းကောင်း၊ ဦးဇော်ဇော်အေး ညွှန်ကြားရေးမှူး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြ၏ နိမ့်ကျသောအိမ်ရာများနှင့်
နေပျော်ဖွယ်ကောင်းသောမြို့ (Smart City) ၏ အယူအဆများအကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေးပို့ချကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအား မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့ပြစီမံကိန်းရေးဆွဲရေး အခြေခံသဘောတရားနှင့် လုပ်ငန်းစဉ်များ၊ မြေအသုံးချမှုပုံစံများကို စနစ်တကျရေးဆွဲထားရန်လိုအပ်မှုနှင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ အိမ်ရာကဏ္ဍအရေးပါမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများကို ပိုမိုသဘောပေါက်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ နှစ်ရက်တာ ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းဉီးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် BRCB(T)တို့မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ မြို့နယ်ဦးစီးမှူး၊ လက်ထောက်အင်ဂျင်နီယာ ရာထူးအဆင့်ရှိ သင်တန်းသား/သူ(၇၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။