Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ပဲခူးမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စက်တင်ဘာ ၈ (ပဲခူး)
===================

စက်တင်ဘာလ(၈)ရက်နေ့ နံနက်က်(၁၀)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့်နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီးချင်းဖြင့်သီဆိုဖျော်ဖြေပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့အနောက်(ခ)အခြေခံပညာအထက်တန်းကျောင်းခွဲ တို့မှ ကျောင်းသား/သူလေးများက “ပန်းများပွင့်တော့မည်”၊  “ပြည်သူခေါ်သောလမ်း” တေးသရုပ်ဖေါ်ဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စာမဖတ်တတ်ခြင်း၊ စာမရေးတတ်ခြင်းတို့သည် လူအဖွဲ့အစည်း တစ်ခုလုံးကို အကြမ်းဖက်မှုနှင့် ပဋိပက္ခများဖြစ်ပေါ်စေသည့် အခြေအနေရှိခြင်းနှင့် ဆင်းရဲခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အဝန်းအဝိုင်းအတွင်း ပိတ်လှောင်ခြင်း ခံထားရသကဲ့သို့ရှိကြောင်း၊ စာမတတ်မြောက်ခြင်းသည် ပစ်ပယ်ခံရခြင်း၊ ဆင်းရဲခြင်းတို့နှင့် ထပ်တူထပ်မျှ တည်ရှိနေကြောင်း၊ လူအခွင့်အရေးနှင့် သိက္ခာအတွက် အခြေခံဖြစ်သည့် စာတတ်မြောက်ရေးသည် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျား/မတန်းတူရည်တူ ခံစားခွင့် ပိုမိုပါဝင်နိုင်သော၊ ပိုမိုဆက်လက်တည်တံ့နိုင်သော လူအဖွဲ့အစည်းများအတွက် အရေးပါနေခြင်းတို့ကြောင့် စာတတ်မြောက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ကမ္ဘာပေါ်မှာရှိသည့် စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကြီးကို လူတိုင်းအတွက် ပညာရေးဟူသော ရည်မှန်းချက်နှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်းလာမှုကြောင့် ၂၀၀၀ ပြည်နှစ် တွင် စာတတ်မြောက်နှုန်း (၉၁%)ထိ တိုးတတ်လာခဲ့ကြောင်းနှင့် ယနေ့ခေတ်ကာလသည် ပညာခေတ်ဖြစ်နေ၍ လူတိုင်းလူတိုင်း အခြေခံစာတတ်မြောက်မှသာ လူနှင့် လူပတ်ဝန်းကျင်တွင် သဟဇာတဖြစ်အောင် နေထိုင်နိုင်မည်ဖြစ်ပြီး ခေတ်နှင့်အညီ တိုးတက်လာသည့် နည်းပညာများကို အမီလျှောက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှုး ဆရာကြီးဦးကျော်ဆင့်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်ယူနက်စကို ညွှန်ကြားရေးမှုးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် ပညာရေးညွှန်ကြားရေးမှူးတို့က ဆုများပေးအပ်ချီးမြှင့်ကာ ဝန်ကြီးချုပ်မှ နိုင်ငံစာတတ်မြောက်ရေးအတွက်အလှူ ငွေကျပ်(၂)သိန်းပေးအပ်လှူ ဒါန်းသည်။
ဆက်လက်၍ အမှတ်(၂)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား/သူများက “ပညာပြည့်စုံမြန်မာ့ဂုဏ်”၊ “ဝ.ထ.က.လ.သ” တေးသရုပ်ဖော်တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရသည်။
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စာမတတ်သူပြည်သူတစ်ရပ်လုံး စာတတ်မြောက်လာစေရန်၊ အတွေးအခေါ်သစ်များနှင့် မှန်ကန်သောသဘောထားများကို ပိုမိုရင့်သန်လာစေရန်၊ လူ့ဘဝအမြင် ပိုမိုကျယ်ပြန့်လာစေရန်၊ ရပ်ရွာလူမှုရေးလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာပါဝင်လာစေရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်နှင့် နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၅ခုနှစ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မြို့နယ်(၃)မြို့နယ်၌ ဒေသခံလုပ်အားပေးများအပြင် တက္ကသိုလ်ကျောင်းသား/သူများအကူအညီဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ် ဧပြီ(၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှုးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။