Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ယူနီကုတ် အခမဲ့ပြောင်းလဲလုပ်ဆောင်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုအားပေး

ပဲခူးမြို့တွင် ယူနီကုတ် အခမဲ့ပြောင်းလဲလုပ်ဆောင်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုအားပေး

အောက်တိုဘာ ၈ (ပဲခူး)
==================

5                ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၈)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က တာဝန်ရှိသူများနှင့် ပဲခူးမြို့ သနပ်ပင်လမ်း၊ လိပ်ပြာကန်အနီး သံဇူဇယ်ခရစ်ယာန် ရဟန်းဖြစ်သင်ကျောင်းအနီးရှိ ယာဉ်ရပ်နားရာနေရာတွင် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ကွန်ပျူတာပညာရှင်အသင်းတို့မှ ဦးဆောင်ပြီး ပဲခူးမြို့ပေါ်ရှိ ပြည်သူများအား ယူနီကုတ် ကူးပြောင်းခြင်းလုပ်ငန်းစဉ် အသိပညာပေးခြင်း၊ ယူနီကုတ်ကူးပြောင်းမှု (အခမဲ့) ဝန်ဆောင်မှုပေးခြင်းများ လုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယူနီကုတ် ကူးပြောင်းခြင်းလုပ်ငန်းစဉ် အသိပညာပေးခြင်း၊ ယူနီကုတ်ကူးပြောင်းမှု (အခမဲ့)ဝန်ဆောင်မှုပေးခြင်းအား အောက်တိုဘာလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ (၁၁)နာရီအထိ၊ ညနေ(၃)နာရီမှ(၆)နာရီအထိ တစ်နေ့လျှင်(၂)ကြိမ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး စတင် ဝန်ဆောင်မှု ပြုလုပ်ပေးသည့် အောက်တိုဘာလ(၆)ရက်နေ့ (ပထမ)နေ့တွင် မိုလ်ဘိုင်းဖုန်းအလုံး(၉၀၀)၊ (၇)ရက်နေ့ (ဒုတိယနေ့တွင်)အလုံး (၉၅၀)၊ (၈)ရက်နေ့ တတိယမြောက်နေ့တွင် အလုံး(၉၈၈)လုံး လာရောက်လုပ်ဆောင်ကြကြောင်း သိရသည်။
ယူနီကုတ်ပြောင်းလဲဖို အခက်အခဲရှိသူများအတွက် အဆင်ပြေချောမွေ့စေရန် ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ကွန်ပျူတာပညာရှင်များ ဦးဆောင်ကာ ပဲခူးမြို့ပေါ်ရှိ မိုဘိုင်းဆိုင်များ ဝါသနာရှင် Volunteer များကို ဖိတ်ခေါ်ကာ(၅)ရက်တိတိ ကျင်းပပြုလုပ်ပေးဖို့စီစဉ်ပြီး ဆောင်ရွက်ခဲ့တာ အခုဆိုရင် နောက်ဆုံးရက်ကို ရောက်ရှိလာခဲ့ပါပြီ လာရောက်ပြောင်းတဲ့သူများအတွက် အကျိုးရှိလို့ ပီတိဖြစ်ခဲ့ရပါတယ် အဓိကကတော့ ပြောင်းပေးလိုက်ရင် တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်နိုင်မယ်၊ ဘာသာစကားတွေ မြန်မာလိုပြန်ဖတ်လို့ရမယ်၊ အသံဖိုင်လေးနဲ့ ပြောလိုက်တာနဲ့ အလိုအလျာက် ဘာသာစကားတွေ သိလာမယ်၊ တိုင်းရင်းသား ဘာသာစကားတွေအတွက် ပြောရလွယ်ကူပြီးရင်းနှီးလာကြမယ်စသည့် အကျိုးကျေးဇူးများလည်း ရရှိခံစားကြရမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း အဖွဲ့ဝင် ဦးအောင်မြင့်သူ ပြောကြားကြောင်း သတင်းရရှိသည်။