Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

အောက်တိုဘာ ၁၈ (ပဲခူး)
======================

ပဲခူးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကို အလွန်အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရမှ အလေးထားဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်းဥစ္စာများကို သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ နည်းပညာ၊ ဗဟုသုတများ လူတိုင်းသိရှိနားလည်ထားဖို့လိုကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဆောင်ရွက်လို့ရနိုင်အရာမဟုတ်၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ရပ်ကွက်/ကျေးရွာ ပြည်သူများအဆင့်အထိ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုအားလုံး လက်တွဲဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှုး ဦးသိန်းဌေးအောင်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ၏သဝဏ်လွှာကို ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဗွီဒီယိုမှတ်တမ်းပြသကာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြသထားသော မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အား ယခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ပြီး ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် ဘေးအန္တရာယ်များကြောင့် အခြေခံအဆောက်အဦးများနှင့် ဝန်ဆောင်မှုများ ထိခိုက်ဆုံးရှုံးခြင်းကို လျှော့ချနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂမှ ချမှတ်ပေးထားသည့် ဆောင်ပုဒ်သည် “BUILD TO LAST ဘေးဒဏ်ကြံ့ကြံ့ခိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” ဖြစ်ပြီး နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခုနှစ်သည် မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် တိုက်ဆိုင်နေသည့်အတွက် အောက်တိုဘာလ(၁၈)ရက်နေ့တွင် အစားထိုးကျင်းပခြင်းဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် သတ္တမမြောက်အကြိမ်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် သဘာဝဘေးများဖြစ်ပွားမှုအနေဖြင့် လေဘေး(၂၇၅)ကြိမ်၊ ရေဘေး(၂၂)ကြိမ်၊ မီးဘေး(၄၈)ကြိမ်၊ မိုးကြိုးဘေး(၂၄)ကြိမ်၊ ကမ်းပြိုဘေး (၆၄)ကြိမ် စုစုပေါင်း(၄၃၃)ကြိမ် ဖြစ်ပွားခဲ့ပြီး လေပြင်းကာကွယ်ရန်အတွက် နေအိမ်အမိုးအကာများအား ဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်(၁၆)မြို့နယ်တွင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးဖြစ်ပွားချိန်တွင် ပြည်သူများ ယာယီခိုလှုံရန်အတွက် ညောင်လေးပင်၊ သနပ်ပင်၊ ပန်းတောင်း၊ ရွှေတောင်နှင့် မိုးညိုမြို့နယ်များတွင် Community Shelter (၅)လုံးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘေးဖြစ်များသည့် မြို့နယ်များရှိ ကော်မတီအသီးသီးသို့ စက်လှေ(၂၆)စီး၊ အသက်ကယ်အင်္ကျီ(၃၀၀)ထည် ထောက်ပံ့ပေးအပ်ထားရှိပြီး အရေးပေါ်ထောက်ပံ့နိုင်ရန်အတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ ရန်ပုံငွေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဆောင်ရွက်ရန် အိမ်အမိုးသွပ်များ၊ ဆိုလာမီးအိမ်၊ မိုးကာတဲများကို အရံသင့်သိုလှောင်ထားကြောင်း သိရသည်။
သဘာဝဘေးဖြစ်ပွားမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆန်ရိက္ခာဖိုး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ထူထောင်ရေးပစ္စည်းများ (၁၄၆၇၂)သိန်းကျော်၊ လေပြင်းကာကွယ်ရန်အတွက် နေအိမ်အမိုးအကာများအား ဖြည့်ဆည်းပြင်ဆင်ခြင်း လုပ်ငန်းများအတွက် မြို့နယ်(၁၆)မြို့နယ်တွင် (၅၂၈)သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ခေတ္တတရားသူကြီးချုပ်ဦးမောင်မောင်အေး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။