Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်

ဒီဇင်ဘာ ၃ (ပဲခူး)
=====================

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် “သံစဉ်ပန်း” မသန်စွမ်းအနုပညာ လှုပ်ရှားမှုအဖွဲ့မှ အဖွင့်သီချင်းသီဆို၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၂ခုနှစ် မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်စွမ်းတို့ကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာစေရန် ၁၉၉၄ခုနှစ်မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ (၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုကျင်းပလာတာ ယခုနှစ်သည်(၂၆)ကြိမ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်သတ်မှတ်ထားသည့် “အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများစွမ်းရည် မြင့်မားလာစေရေးဦးတည်ပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ဖတ်ကြားပြီး “သံစဉ်ပန်း” မသန်စွမ်းအနုပညာလှုပ်ရှားမှုအဖွဲ့မှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွာယ်စေးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး “သံစဉ်ပန်း” မသန်စွမ်းအနုပညာ လှုပ်ရှားမှုအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ကာ ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အခြားမသန်စွမ်းသူ (၃၀၃၃၃)ဦးကို တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀ိ/)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပြီး မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြင့်မားတိုးတက်လာစေရန် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပြင် မသန်စွမ်းသူရဲ့ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေရေးရာ၊ မသန်စွမ်းမှုအသိပညာ၊ ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့် စသည်တို့အတွက် လုပ်ငန်းအစီအစဉ်များကိုလည်း နိုင်ငံတော်အစိုးရမှ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ထည့်သွင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။