Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

စက်တင်ဘာ ၁၈ (ပဲခူး)
=================

ပဲခူးမြို့ ဟင်္သာလမ်းရှိ ပဲခူးတိုင်းဒေသကြီး ရိုးရာခြင်းအားကစားရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော်အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီနာယက ဦးတင်ထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးအုန်းမြင့်နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းတင့်မှ ရိုးရာခြင်းလုံးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော်အတွက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်မှ အလှူငွေကျပ်(၅)သိန်းအား ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဌ ဦးမြလွင်ထံသို့ ပေးလှူဒါန်းပြီး ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဝင် ဦးစိန်မြအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မြန်မာ့ရိုးရာခြင်းပွဲတော်ကို ပဲခူးမြို့တွင် ပထမအကြိမ်အဖြစ် ၂၀၁၄ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅/ ၂၀၁၆/ ၂၀၁၇ခုနှစ်များတွင် အသင်းပေါင်း(၁၂၀)မှ (၁၄၀)အထိပါဝင်ကာ ၂၀၁၈ခုနှစ်တွင် အသင်းပေါင်း(၁၅၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယခု ၂၀၁၉ခုနှစ် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ခြင်းအလှခတ်ပွဲတော်အား စက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ ခြင်းလုံးအသင်းများ၊ ဖိတ်ကြားထားသည့် အနယ်နယ်အရပ်ရပ်မှ ခြင်းမင်းသား/ ခြင်းမင်းသမီးများ ပါဝင်သည့် မြန်မာ့ရိုးရာ ခြင်းလုံးအသင်းအဖွဲ့ပေါင်း(၂၀၄)ဖွဲ့ ပါဝင်ကာ နံနက်(၉)နာရီမှ ည(၉)နာရီအထိ (၉)ရက်တိုင်တိုင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
အလှခတ်ခြင်းကစားခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ခြင်းအလှခတ်ပွဲတော်နှင့် မိသားစုအမှတ် ခြင်းခတ်ပြိုင်ပွဲများမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများသို့ ပဲခူးတိုင်းဒေသကြီး လက်ရွေးစင်အဖြစ်ရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

[feedzy-rss feeds=”https://bagoregion.gov.mm/feed” max=”5″ feed_title=”yes” refresh=”12_hours” summary=”yes” ]