Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ဇွန် ၂၆ (ပဲခူး)
=====================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ၂၀၁၉ ခုနှစ် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)မှ ချမှတ်ပေးလိုက်သည့် ဆောင်ပုဒ်သည် “ကျန်းမာရေးနှင့် တရားရေးမူးယစ်ကင်းဖို့လက်တွဲစို့” ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး နိုင်ငံတော်၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေက မူးယစ်ဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပိုင်ပွဲများတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဆုရရှိသူများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတာဝန်အား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးသော ရပ်မိရပ်ဖတို့အား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဒုဥက္ကဌနှင့် ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ပြသထားသော ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
၂၀၁၉ ခုနှစ် မူးယစ်ဗဟိုမှ ချမှတ်ပေးလိုက်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး ဦးတည်ချက်ဆောင်ပုဒ်များသည် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ အပေါင်းအသင်းရွေးချယ်ပါ၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြိမ်းသတ်စို့၊ နိုင်ငံကိုချစ် လူမျိုးကိုချစ် မူးယစ်မှန်သမျှတိုက်ဖျက်ပစ်၊ မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှရှောင်ရှားစို့၊ ဦးစွာနားထောင်ပါ စသည်တို့ဖြစ်ပြီး အဆိုပါဆောင်ပုဒ်များဖြင့် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ/ပိုစတာ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးမှ (၅၆၇)ဦး ပါဝင်ယှဉ်ပြိုင်ပြီး ဗဟိုအဆင့်တွင်(၅)ဦး၊ တိုင်းဒေသကြီးအဆင့်တွင် (၃၃)ဦး ဆုများရရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၇ခုနှစ် ဇူလိုင်လမှ ၂၀၁၈ခုနှစ် ဇွန်လ(၂၀)ရက်နေ့အထိ အမှုပေါင်း(၁၀၁)မှု့၊ တရားခံကျား(၁၅၆)၊ မ(၁၉)ဦး၊ ပေါင်း(၁၇၉)ဦး၊ စိတ်ကြွဆေးပြား(၅၇၂၂၄)ပြား၊ ဆေးခြောက်(၁၂၄၉၁)ဂရမ် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း(၁၇၀၀)ကျော် ဖမ်းဆီးခဲ့ပြီး ၂၀၁၈ခုနှစ် ဇူလိုင်လမှ ၂၀၁၉ခုနှစ်ဇွန်လ(၂၀)ရက်နေ့အထိ အမှုပေါင်း(၁၉၄)မှု၊ တရားခံကျား(၃၀၄)ဦး၊ မ(၄၉)ဦး၊ ပေါင်း(၃၅၃)ဦး စိတ်ကြွဆေးပြား(၂၈၉၅၃၅၀)ပြား၊ ICE(၂၂.၅၅)ဂရမ်၊ ဘိန်းဖြူ(၂၈၇)ဂရမ်၊ ကတ်တမင်း(၁၈)ကီလိုဂရမ်၊ ဆေးခြောက်(၃၂၆၅)ဂရမ် စုစုပေါင်းတန်ဖိုးကျပ် သိန်းပေါင်း(၈၀၀၀၀)ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိမှုအများဆုံးသည် စိတ်ကြွရူးသွပ်ဆေးပြားအမှုများဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ဒုဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။