Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ ယာဉ်ရပ်နားကွင်းတွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၅၀၀)ဦးကျော် တက်ရောက်ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်အမှူးပြုသော တက်ရောက်လာကြသူအားလုံးက အမှတ်(၇၇)‌ ခြေမြန်တပ်မဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဖတ်ကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြခန်းများ ပြသထားခြင်း၊ မြန်မာ့ရိုးရာ အစားအစာရောင်းချခြင်းများ ပါဝင်ပြသထားခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း အိမ်မွေးတရိစ္ဆာန်များဖြစ်သည့် ခွေးနှင့်ကြောင် ကောင်ရေ (၂၀၀)ခန့်အား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ် ကျား/မအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ပဲခူးတိုင်းဒေသကြီး တင်းနစ်အဖွဲ့ချုပ်မှ ဖိတ်ခေါ်တင်းနစ် အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ပြန်ကြားနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှလည်း ပြည်သူများအသိပညာရရှိစေရန် မိမိတို့ဌာနအလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးကြကြောင်း သတင်းရရှိသည်။