Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဝတ္ထုငွေများ လှူဒါန်း

ပဲခူးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဝတ္ထုငွေများ လှူဒါန်း

မေ ၃၀ (ပဲခူး)
—————————

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပဲခူးမြို့ရှိ စေတနာရှင်၊ အလှူရှင်များစုပေါင်းကာ မေလ(၃၀)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ပဲခူးမြို့ ဥဿာသီရိစာသင်တိုက် ဝိမလရတနာသီရိ ဓမ္မဗိမာန်တေည်၌ ပဲခူးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအတွက် ဆွမ်းဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ရွှေနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဋိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒမဟာထေရ်မြတ်ထံမှ ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဝန်ကြီးများနှင့် အလှူရှင်များက ဆရာတော်ကြီးများ သီလရှင်ဆရာကြီးများထံ ဆွမ်းဆန်အိတ်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်နှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက်‌ ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယနေ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှိစေတနာရှင်၊ အလှူရှင်များစုပေါင်းကာ ပဲခူးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်(၁၅)တိုက်၊ သီလရှင်စာသင်တိုက်(၁၅)တိုက်တို့အတွက် ဆွမ်းဆန်အိတ်(၂၃၀)အိတ်၊ ဆီ(၂၃၀)ပိဿာ၊ ယမ်ယမ်ခေါက်ဆွဲခြောက်(၃၀)ဖာနှင့် လှုဖွယ်ဝတ္ထုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေ(၁၁၂၈၅၀၀ဝိ/)ကျပ်အား လှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။