Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ပဲခူးမြို့နယ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

စက်တင်ဘာ ၂၇(ပဲခူး)
===================

ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ စက်တင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးမြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီထံလွှဲပြောင်းပေးအပ်သည်။
ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၄”စက်ရေတွင်းများကို အလိုင်နီကျေးရွာနှင့် သရက်ကုန်းကျေးရွာတို့တွင်လည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၄”စက်ရေတွင်းနှင့် မြေသားရေကန်တို့ကို ပေါက်တောကျေးရွာ၊ မလွှကုန်းကျေးရွာ၊ ကျုံးရိုးကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် ကျောက်လုံးကြီးကျေးရွာများတွင်လည်းကောင်း ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားကန်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သဖြင့် စက်ရေတွင်းနှင့် မြေသားရေကန်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာကျေးရွာကော်မတီများထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် တစ်အိမ်သုံး ဆိုလာမီးလင်းရေးလုပ်ငန်းအတွက် ကျေးရွာ(၁၀)ရွာ၌ (၆၀)ဝပ်(၃၇၄)လုံး၊ (၁၀၀)ဝပ်(၂)လုံး တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကုန်ထုတ်လမ်းအနေဖြင့် ရွှေပန်းကျေးရွာ၌ (၃၅၀၀)ပေအရှည်လမ်းတစ်လမ်းကိုလည်းကောင်း၊ မြစိမ်ရောင်ကျေးရွာစီမံကိန်းအနေဖြင့် ကျေးရွာ(၃)ရွာ၊ (၃)ယူနစ်၊ တစ်ယူနစ်လျှင် မတည်ငွေကျပ်သိန်း(၃၀၀) ထုတ်ပေးနိုင်ခဲ့သည့်အပြင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် ကျေးရွာ(၁၂)ရွာ၌ တစ်ရွာလျှင်ငွေကျပ်သိန်း (၁၀၀)ထောက်ပံ့ပြီး ပြည်သူထည့်ဝင်ငွေနှင့် ပေါင်းစပ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်။ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများအနေဖြင့် အခြေခံစက်ချုပ်သင်တန်း(၃)ရွာ၊ စိုက်ပျိုးမွေးမြူရေး ပညာပေးသင်တန်း(၁)ရွာနှင့် ကျေးရွာရေရရှိရေးလုပ်ငန်းအတွက် ကျေးရွာ(၇)ရွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။