Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

ဇန်နဝါရီ ၁၅ (ပဲခူး)
==========================

ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ရုံးခန်းသို့ ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင်က ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်အတွင်း နိုင်ငံတကာအဆင့်မီ အပန်းဖြေဥယျာဉ်အဖြစ် စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျူးကျော်ဆိုင်ခန်းများအား ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များ၊ မဇင်းဆည်ပတ်ဝန်းကျင်တွင် သဘာဝအပန်းဖြေဥယျာဉ် ဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံတကာအဆင့်မီ ညစျေးဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် သမိုင်းကြောင်းနှင့် ပထဝီအနေအထားအရ အလွန်အရေးပါပြီး စီးပွားရေးအရလည်း အချက်အခြာကျသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ခရီးသွားလုပ်ငန်းများအနေဖြင့် နေ့ချင်းပြန်သာ လာရောက်ကြပြီး လူအများစု စိတ်ဝင်စားသည့် သန့်ရှင်းပြီး နိုင်ငံတကာအဆင့်မီ အပန်းဖြေနေရာ ကျယ်ကျယ်ပြန့်ပြန့်မရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် သဘာဝအခြေခံ၊ သမိုင်းအခြေခံစသည့် ခရီးသွားလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်ရန် အထူးကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့် စက်ရုံတစ်ခု တည်ထောင်ခြင်းနှင့်အသွင်သဏ္ဍာန်တူညီပြီး တိုင်းပြည်အတွက်လည်း ပြည်တွင်း/ပြည်ပ ဝင်ငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ အပန်းဖြေနေရာနှင့် ညစျေးဖွင့်လှစ်မည့် အခြေအနေတို့အား လုပ်ငန်းစီမံချက် အသေးစိတ်အား ပြန်လည်တင်ပြပေးရန် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင်နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။