Home / ပဲခူးမြို့နယ် / ပဲခူးမြို့၊ ရှင်စောပုဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ပဲခူးမြို့၊ ရှင်စောပုဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 နိုဝင်ဘာ ၂၂ (ပဲခူး)

===================================

     ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအတွင်းရှိ ရှင်စောပုဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

       ရှေးဦးစွာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက ရှင်စောပုအိမ်ရာဝန်းအတွင်း ဆောက်လုပ်နေသော (၄)ခန်းတွဲ (၅)ထပ် ဝန်အိမ်ရာ(၆)လုံးနှင့် (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ယာ(၁)လုံး တည်ဆောက်နေမှုနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေးမီ ခိုင်ခန့်သေချာမှုရှိအောင် စစ်ဆေးကြီးကြပ်သည့်အဖွဲ့မှ ဂရုတစ်စိုက် အမြဲမပြတ် စစ်ဆေးကြပ်မတ်သွားကြရန်၊ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် စေတနာထားလုပ်ဆောင်ပေးကြရန်မှာ ကြားခဲ့သည်။

      ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် သန်း(၂၀၈၉.၁၆၆)ဖြင့် (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ(၆)လုံး၊ (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ(၁)လုံးတို့အား ရွှေမိုးထွဋ် ကုမ္ပဏီ၊ Max Trust Co.,Ltd၊ မြတ်မဟာကုမ္ပဏီ၊ TZTM Co.,ltd၊ အောင်နန်းပြည့်ကုမ္ပဏီ၊ Reflection Construction Decoration Co.,ltdနှင့် မျိုးမြင့်ဇော်ကုမ္ပဏီတို့မှ တာဝန်ယူကာ ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ပြီး ၂၀၁၈ခုနှစ် မတ်လတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

    ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥဿာမြို့သစ်၊ (၈)ရပ်ကွက်ရှိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွဲပြောင်း အပ်နှံထားသော တပ်မတော်ဘော်ဒါဆောင် အဆောက်အဦနှင့် မြေနေရာအား သွားရောက်ကြည့်ရှုကာ တက္ကသိုလ်အနီး ပတ်ဝန်းကျင်တွင် ရောင်းချနေသော စျေးဆိုင်များအား သန့်ရှင်းသပ်ရပ်သော အစားအစာများရောင်းချရန်၊ စည်းစနစ်ကျနစွာ အမှိုက်များ စွန့်ပစ်ကြရန်မှာကြားခဲ့ပြီး တက္ကသိုလ်ဘုရားလမ်း ဘေးဝဲ/ယာတွင် ကျူးကျော်ဆောက်လုပ် နေထိုင်နေသည့် အဆောက်အဦးများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်၊ တက္ကသိုလ် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ကြရန်နှင့် ကျောင်းသားကျောင်းသူများ သွားလာမှုလွယ်ကူချောမွေ့စေရန် ပဲခူးတက္ကသိုလ်ဘုရားလမ်းအား ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် စည်ပင်သာယာရေးအဖွဲ့နှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။