Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ တစ်နိုင်ငံလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၌ တစ်နိုင်ငံလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ ၁၈ (ပဲခူး)
====================

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့  နံနက်(၉)နာရီအချိန်က တစ်နိုင်ငံလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)အသိပေးဆွေးနွေးပွဲလုပ်ငန်းအကြောင်း ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ခုနှစ်တွင် ဝက်သက်ရောဂါကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခဲ့ရာ ၁၉၉၅ ခုနှစ်အထိ လွှမ်းခြုံမှု(၈၀)ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်နောက်ပိုင်းတွင် လွှမ်းခြုံမှုရာခိုင်နှုန်း(၈၀)ကျော် ရရှိသော်လည်း (၉၅)ရာခိုင်နှုန်းကျော်ကို ယနေ့ထိတိုင် ရရှိခဲ့ခြင်းမရှိသေးကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)ကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့၌ အောက်တိုဘာလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသောမြို့နယ်(၂၆)မြို့နယ်တွင် နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် အကျုံးဝင်သည့် အသက်(၉)လမှ (၅)နှစ်ခွဲအရွယ် ကလေးများအား ရာနှုန်းပြည့်အန္တရာယ်ကင်းစွာ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ တာဝန်ခံများနှင့် မြို့နယ်အသီးသီးမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။