Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ပြည်တွင်းစက်မှုဇုံတွင် ဖိနပ်စက်ရုံဖွင့်ပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့ ပြည်တွင်းစက်မှုဇုံတွင် ဖိနပ်စက်ရုံဖွင့်ပွဲ ကျင်းပပြုလုပ်

မေ ၂၈ (ပဲခူး)
=================

ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ခရေလမ်း၊ အကွက်အမှတ်(၂၃) ပြည်တွင်းစက်မှုဇုံနယ်မြေ ညောင်အင်းတွင် မေလ(၂၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က MYANMAR NEW MENGSHENG SHOES ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ တည်ထောင်ဖွင့်လှစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး Nipoon Steel ကုမ္ပဏီမှ တာဝန်ရှိသူနှင့် MYANMAR NEW MENGSHENG SHOES စက်ရုံ မန်နေးဂျင်းဒါရိုက်တာ Mr. Boping Zhouတို့က စက်ရုံ၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် MYANMAR NEW MENGSHENG SHOES ဖိနပ်စက်ရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ MYANMAR NEW MENGSHENG SHOES စက်ရုံ မန်နေးဂျင်းဒါရိုက်တာ Mr. Boping Zhouနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်းအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ MYANMAR NEW MENGSHENG SHOES စက်ရုံသည် တရုတ်နိုင်ငံအခြေစိုက်စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံတွင် လှိုင်သာယာစက်မှုဇုံနှင့် ပဲခူးစက်မှုဇုံတို့တွင် စက်ရုံတည်ထောင်ဖွင့်လှစ် ထားခြင်းဖြစ်သည်။ ပဲခူးစက်မှုဇုံတွင်ဖွင့်လှစ်သောစက်ရုံအနေဖြင့် ဒေသခံပြည်သူ(၁၀၀၀)ဦးကျော်အား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပြီး စက်ရုံအတွက် ကုန်ကြမ်းပစ္စည်းများအား တရုတ်နိုင်ငံမှ မှာယူတင်သွင်းပြီး ထွက်ရှိလာသည့် ကုန်ချောအိမ်တွင်းစီးဖိနပ်မျိုးစုံအား တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကို ထုတ်လုပ်တင်ပို့ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ စက်မှုဇုံတာဝန်ရှိသူများ၊ MYANMAR NEW MENGSHENG SHOES စက်ရုံတာဝန်ရှိသူများနှင့် စက်ရုံအလုပ်သမားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။