Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ ဆရာတော်တို့မှ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေများလှူဒါန်း

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ ဆရာတော်တို့မှ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေများလှူဒါန်း

ဇန်နဝါရီ ၃၀ (ပဲခူး)
—————————

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နှင့် ရွှေချောင်းတောရ စာသင်တိုက်ဆရာတော်တို့မှ နိုင်ငံတော်၏ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ(၃၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတိုက်များတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း အမှူးပြုသော ဒါယကာ၊ ဒါယိကာမများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ရွှေချောင်းတောရ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ မြို့နယ်သံဃနာယကဥက္ကဌ (ရွှေကျင်) တို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဩဝါဒကထာမြွက်ကြားပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဝမ်းမြောက်စကားပြန် လည်လျှောက်ထားသည်။
ယင်းနောက် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်နှင့် တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများ စုစုပေါင်းလှူဒါန်းထားသော အလှူငွေကျပ်သိန်း(၁၁၀၀)အား ဆရာတော်ကိုယ်စား တပည့်ဒါယကာတစ်ဦးမှလည်းကောင်း၊ ရွှေချောင်းတောရ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ မြို့နယ်သံဃနာယကဥက္ကဌ (ရွှေကျင်)နှင့် တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသော အလှူငွေကျပ်သိန်း(၇၀)အား ဆရာတော်၏ကိုယ်စား တပည့်ဒါယကာတစ်ဦးမှလည်းကောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ယူမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆရာတော်ကြီးများထံ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေးပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။