Home / ကုသရေးဦးစီးဌာန / ပဲခူးအထွေထွေရောဂါကုဆေးရုံးကြီးတွင် တိုးချဲ့ဆောက်လုပ်မည့် (၄)ထပ်အဆောက်အဦ မြေနေရာအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ပဲခူးအထွေထွေရောဂါကုဆေးရုံးကြီးတွင် တိုးချဲ့ဆောက်လုပ်မည့် (၄)ထပ်အဆောက်အဦ မြေနေရာအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီ ၅ (ပဲခူး)

===================================

ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးဝန်းအတွင်း တိုးချဲ့ဆောက်လုပ်မည့် အောင်သုခ ဆေးရုံဆောင် (၄)ထပ် အဆောက်အဦ မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ရန်ပုံငွေရရှိသည့် ကျပ်သိန်း(၄၇၄)သိန်းဖြင့် ဆေးရုံအဆောက်အဦ အတွင်း/အပြင် ဆေးသုတ်နေ သည့် လုပ်ငန်းများကိုလည်းကောင်း၊ ပြင်ပလူနာနှင့် အရေးပေါ်ဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ Magnetic Resonance Imaging (MRI) တည်ဆောက်မည့်နေရာနှင့် အောင်သူခဆေးရုံဆောင်(၄)ထပ် အဆောက်အဦ မြေနေရာတို့အား လိုက်လံပြသခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ လူဦးရေတိုးတက်များပြားလာခြင်းဖြစ် ပြီး ဆေးရုံ/ဆေးခန်းများလည်း တိုးချဲ့ရန်လိုအပ်လာပြီဖြစ်ကြောင်း၊ လူနာနှင့် ဆေးရုံ/ဆေးခန်း အချိုး၊ ဆရာဝန်နှင့်လူနာအချိုး သတ်မှတ်ထားသည့်အတိုင်း ညီမျှရန်လိုအပ်ကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် အနာဂတ်အခြေအနေများကိုလည်း မျှော်မှန်းတည်ဆောက်ရန်လိုအပ်ကြောင်း၊ ဆေးရုံဝင်/ထွက်လမ်းများ စနစ်တကျရှိစေရန်၊ ဆေးရုံသည် ပြည်သူများအတွက် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် နေ့စဉ်ကုသိုလ်ရသည့် လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ နိုင်ငံတစ်ခု၏ ပုံရိပ်ဖြစ်သည့် ဆေးရုံများသည် အစဉ်သန့်ရှင်း ကောင်းမွန်နေစေရန်နှင့် ဆေးရုံအတွက် လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ မိမိတို့အစိုးရအဖွဲ့သို့ တင်ပြ ပေးစေလိုကြောင်း ပြန်လည်ပြောကြားခဲ့ပြီးနောက် အရိုးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်တို့ရှိ ဆေးရုံတက်လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။

ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံဝန်းအတွင်း တိုးချဲ့ဆောက်လုပ်မည့် အောင်သုခ(၄)ထပ် ဆေးရုံ အဆောင် ဆောက်လုပ်ရန်အတွက် ပဲခူးမြို့၊ အောင်သုခဆရာတော်ကြီးမှ လှူဒါန်းသော ငွေကျပ်သိန်း(၃၅၀၀)ဖြင့် စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ၎င်းအဆောက်အဦအတွက် ထပ်မံ လိုအပ်ပါက အောင်သုခဆရာတော်ကြီး၏ တပည့်ဒါယကာရင်းများဖြစ်သော ဦးမိုးကျော်သူနှင့် ရွှေသံလွင်အဖွဲ့တို့မှ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။