Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်တွင်းထုတ်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပြည်တွင်းထုတ်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မေ ၃၁ (ပဲခူး)
======================

မေလ (၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သား၊ ဝက်သား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များအား ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး Myanmar C.P Livestock Co., Ltd မှ ဒေါက်တာမျိုးသန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Myanmar C.P Livestock Co., Ltd. Coordinator ဦးအောင်မျိုးမြတ်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် Village Fund Project ဖြင့် ကြက်မွေးမြူရေးနှင့် ဝက်မွေးမြူရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေအား Video Clip ဖြင့်လည်းကောင်း၊ Vice President ဒေါက်တာမျိုးသန့်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့နယ်များရှိ ကျေးရွာ(၃၂)ရွာတွင် မွေးမြူရေးနှင့် အသားထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံကျေးရွာများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းပြီး၊ ပုံမှန်ဝင်ငွေရရှိနိုင်သည့်အပြင် ကျေးလက်နေတောင်သူများအနေဖြင့်လည်း အစာစပ်စက်ရုံအတွက် လိုအပ်သည့် ပြောင်းစိုက်ခင်းများ စိုက်ပျိုး/ရောင်းချနိုင်သည့် စျေးကွက်တစ်ခုလည်း ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဒေသခံပြည်သူများ၏ သဘောတူညီချက်သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ကုမ္ပဏီ၏ တင်ပြချက်တွင် ပြောင်းစိုက်ခင်းများ ပါဝင်လာသည့်အတွက် ရွေးချယ်ထားသည့် မြို့နယ်များသည် ပြောင်းစိုက်ခင်းများ စိုက်ပျိုးရန် သင့်တော်သည့် မြေပြင်အနေအထားဖြစ်ကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာရန်လိုအပ်ပြီး၊ ဒေသအတွက် လိုအပ်သည့် မွေးမြူရေးအစာများ ထုတ်လုပ်ရောင်းချပေးနိုင်ရန်နှင့် မြေနေရာရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Myanmar C.P Livestock Co., Ltd. Vice President ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြာင်း သတင်းရရှိသည်။