Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီ ၃ (ပဲခူး)
================

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးလက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းခဲ့သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားစဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ခေတ်အဆက်ဆက် အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိရာ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရသော အရာထမ်း၊ အမှုထမ်းများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒများကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာခံယူကျင့်သုံး ဆောင်ရွက်ပြီး အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူကို အလုပ်အကျွေးပြုသည့် နိုင်ငံတော်မှ အားထားရသော အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်း(၂၆၃)ဦးအတွက် တစ်ဦးလျှင်(၁)သောင်းနှုန်းဖြင့် (၂၆၃၀၀၀ဝိ)အား ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးချစ်မှ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်လျက်ရှိရာ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ပြီး နိုင်ငံတော်မှ အားကိုးရသည့် ဌာနကြီးတစ်ခုအဖြစ် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် လွှဲပြောင်းဖွဲ့စည်းပေးခဲ့ပြီး ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေးကို မျှော်မှန်းချက်ထားကာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး၊ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။