Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ပနိုင်ငံများမှ ပြန်လာသူများ (၁၄)ရက် (COVID-19 ) ကာကွယ်၊ ထိန်းချုပ် စောင့်ကြည့်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်

ပြည်ပနိုင်ငံများမှ ပြန်လာသူများ (၁၄)ရက် (COVID-19 ) ကာကွယ်၊ ထိန်းချုပ် စောင့်ကြည့်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်

မတ် ၂၆ (ပဲခူး)
================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ (၂၆)ရက်နေ့၊ မွန်လွဲ(၂)နာရီအချိန်က ပြည်ပနိုင်ငံများမှ ပြန်လာသူများ (၁၄)ရက် (COVID-19 ) ကာကွယ်၊ ထိန်းချုပ် စောင့်ကြည့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ပမှပြန်လာသူများကို စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု  အပြည့်အစုံဖြင့် စောင့်ကြည့်နိုင်စေရေးသည် လူသားချင်းစာနာမှုအရ ဆောင်ရွက်ပေးခြင်းဖြစ်သလို ပြည်သူများအတွက်လည်း (COVID-19 ) ကာကွယ်၊ ထိန်းချုပ်ရာရောက်ကြောင်း၊ ကမ္ဘာကပ်ရောက်ဖြစ်၍ ပြည်သူများအနေဖြင့် အစိုးရ၏ ဆောင်ရွက်မှုများအပေါ် သိရှိနားလည် သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မလိုလားအပ်သော ပဋိပက္ခမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများကိုလည်း အသိပညာပေးထားရန်နှင့် လိုအပ်ပါက ကန့်သတ်နယ်မြေအဖြစ် ထားရှိသွားရန် ကြိုတင်စီစဉ် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လာသူများ ကျန်းမာရေးနှင့်ပတ်သက်သော စစ်ဆေးချက်များအတိုင်း စစ်ဆေးခံယူရန်နှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု ပျက်ကွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ပြီး မလိုလားအပ်သော ပဋိပက္ခဖန်တီးသူများကိုလည်း ထုတ်ပြန်ပြဋ္ဌာန်းထားပြီးဖြစ်သော  ဥပဒေနှင့်အညီသာ အရေးယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့်စွက်တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံများမှ ပြန်လာသူများ (၁၄)ရက် (COVID-19 ) ကာကွယ်၊ ထိန်းချုပ် စောင့်ကြည့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ပဲခူးမြို့နေ ဦးထွန်းကျော်+ဒေါ်ကေသီမာ မီသားစု ( KENBO ကုမ္ပဏီ) အလှူငွေကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။