Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မတူညီမှုများကို ခွဲခြားမှုမရှိဘဲ စုပေါင်းအင်အားတစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြောကြား

မတူညီမှုများကို ခွဲခြားမှုမရှိဘဲ စုပေါင်းအင်အားတစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြောကြား

အောက်တိုဘာ ၅ (ရွှေတောင်)
=================

အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရွှေတောင်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ပေါက်ပင်ကွေ့ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အစွန််းရောက်မှုကြောင့် ခွဲခြားမှုများဖြစ်ပေါ်ခဲ့ရပြီး လူတစ်ဦးချင်းစီ ယုံကြည်မှု လျော့နည်းကာ ခိုင်မာအားကောင်းသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် အားနည်းခဲ့ရကြောင်း၊ ဒီအခြေအနေတွေကြောင့် ခေတ်အဆက်ဆက် လူတန်းစားအလိုက်၊ လူမျိုးအလိုက်၊ ဘာသာအလိုက် ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးလို့မရတော့ဘဲ အစိုးရကို ဆန့်ကျင်သည့်ပုံစံမျိုး ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏ အဓိကကျသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ ဒီမြေမှာနေ၊ ဒီရေကိုသောက်ပြီး ဘယ်လိုပင် ကွဲပြားနေပါစေ မခွဲခြားဘဲ စုပေါင်းအင်အားတစ်ရပ်နေနဲ့ မိမိတို့အစိုးရနှင့်အတူ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မကြာသောကာလတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ အလွန်ကောင်းမွန်သော ဒီမိုကရေစီ မျိုးစေ့ကို နောင်အနာဂတ် လူငယ်များအတွက် အမွေပေးခဲ့ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက  ဒေသဖွံ့ဖြိုးရေးအခြေအနေများ၊ မြေယာကိစ္စရပ်များ၊ ကျေးလက်လမ်း/ တံတား၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ရေကြီးနစ်မြှုပ်မှု လျော့ပါးစေရေး အခြေအနေများ တင်ပြခဲ့ကြရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲ့သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားများ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။